ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အဏ္ဏဝါလွှမ်း ထားဝယ်ဦးခင်စိုး ဖမ်းဆီးစစ်ဆေးခံနေရပြီး အဆက်အသွယ်မရ

February 13, 2026

ထားဝယ်သားလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် အဏ္ဏဝါလွှမ်းကုမ္ပဏီ ဥက္ကဋ္ဌဖြစ်သူ ဦးခင်စိုးကို စစ်အာဏာရှင်တပ်က ဖမ်းဆီးစစ်ဆေးနေပြီး အဆက်အသွယ်မရဖြစ်နေကြောင်း နီးစပ်သူအချို့ထံမှ သိရသည်။

ဦးခင်စိုးနှင့် နီးစပ်သည့်ဆက်ဆံရေးရှိသူတစ်ဦးကလည်း ၎င်းနှင့်အဆက်အသွယ်ပြတ်တောက်နေသည်မှာ တစ်ပတ်ခန့်ရှိပြီဖြစ်ကြောင်း ပြောသည်။

“အလုပ်များနေလို့ အဆက်အသွယ်မရတာလို့ပဲထင်ထားတာ။ သတင်းတွေ တက်လာမှ အဖမ်းခံထားရတယ်ဆိုတာ သိရတယ်” ဟု ၎င်းက ဆိုသည်။

ဦးခင်စိုးနှင့် နီးစပ်သူနောက်ထပ် ၂ ဦးကလည်း ဖမ်းဆီးစစ်ဆေးခံရသည့်သတင်းမှာ မှန်ကန်ကြောင်း အတည်ပြုပြောဆိုပြီး အသေးစိတ်အခြေအနေကို မသိရကြောင်း Dawei Watch သို့ ပြောသည်။

BBC မြန်မာပိုင်း၏ ဖော်ပြချက်အရ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်း ဥက္ကဋ္ဌလည်းဖြစ်သည့် ဦးခင်စိုးနှင့် အတွင်းရေးမှူး ဥဦးဝင်းမြင့်တို့ကို စစ်ကော်မရှင်က နေပြည်တော်တွင် ခေါ်ယူစစ်ဆေးနေကြောင်း ဆိုသည်။

စက်သုံးဆီသွင်းရာတွင် ငွေကျပ် ဘီလျံရာချီ ဆုံးရှုံးမှုနှင့် လာဘ်ပေးလာဘ်ယူမှုများကြောင့်ဟုဆိုကာ ပြီးခဲ့သည့်နှစ် နှစ်ကုန်ပိုင်းက အနားပေးခံရသည့် စွမ်းအင်ဝန်ကြီးဌာ ဒုဝန်ကြီး ဦးသန့်စင်နှင့် ဆက်စပ်ပြီး ၎င်းတို့နှစ်ဦးကို ခေါ်ယူစစ် ဆေးနေခြင်း ဖြစ်ကြောင်း စက်သုံးဆီလုပ်ငန်းရှင်တစ်ဦးက BBC မြန်မာပိုင်းကို ပြောဆိုထားသည်။

စက်သုံးဆီအသင်း ဥက္ကဋ္ဌ ဦးခင်စိုးနှင့် အတွင်းရေးမှူး ဦးဝင်းမြင့်ကို ဖမ်းဆီးပြီးနောက် ၎င်းတို့နေရာကို ချက်ချင်း အစားထိုး ခန့်အပ်ခဲ့ကြောင်း ပြည်တင်းသတင်းအချို့တွင် ဖော်ပြသည်။

ဦးခင်စိုးကို ဖမ်းဆီးခဲ့သည့်နေရာ၊ အချိန်နှင့် ဖမ်းဆီးစစ်ဆေးနေသည့် နောက်ဆက်တွဲ အခြေအနေများကို Dawei Watch က ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

ထားဝယ်အများပိုင်ကုမ္ပဏီ(DDPC)၏ ဥက္ကဌအဖြစ်လုပ်ကိုင်ခဲ့သူ ဦးခင်စိုးကို စက်သုံးဆီကိစ္စနှင့် ဆက်စပ်၍ ၂၀၂၃ ခုနှစ် စက်တင်ဘာလက ဖမ်းဆီးစစ်ဆေးခဲ့ဖူးပြီး ၄ ရက်ခန့်အကြာတွင် ပြန်လွှတ်ခဲ့သည်။

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်တွင် ရုံးစိုက်၍ ပင်လယ်ငါးဖမ်းလုပ်ငန်းလုပ်နေသည့် အဏ္ဏဝါလွှမ်းကုမ္ပဏီပိုင်ရှင် ဦးခင်စိုးသည် ၂၀၁၁ ခုနှစ် ဦးသိန်းစိန် အစိုးရတက်လာပြီးနောက်ပိုင်း နိုင်ငံတော်ပိုင်စက်သုံးဆီ အရောင်းဆိုင်အများအပြားကို လုပ်ကိုင်ခွင့်ရခဲ့သူ ဖြစ်သည်။

ဦးခင်စိုးသည် Apex စက်သုံးဆီကုမ္ပဏီ လုပ်ငန်းရှင်လည်းဖြစ်သည့်အပြင် နောက်ပိုင်းတွင် DDPC အများပိုင်ကုမ္ပဏီကို ဥက္ကဋ္ဌ တာဝန်ယူပြီး ထားဝယ်မြို့နှင့် မောင်းမကန်ကမ်းခြေတို့တွင် စက်သုံးဆီဆိုင်၊ စျေးဝယ်စင်တာ၊ ဟိုတယ်လုပ်ငန်းကိုလည်း ဆယ်နှစ်ကျော်ကြာ စီမံလုပ်ကိုင်ခဲ့သူဖြစ်သည်။