ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖတ်ထလူခရိုင်တွင် ကားတိုက်မှုကြောင့် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော ရိုဟင်ဂျာ ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ယနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ဖတ်ထလူခရိုင် ခွန်ခနွန်ဒေသ အာရှလမ်းမကြီးပေါ်တွင် ရိုဟင်ဂျာများ လိုက်ပါလာသော ထရပ်ကား(ကုန်တင်ကား)က ဘိလပ်မြေသယ်ကားကို အနောက်ကဝင်တိုက်ခဲ့ခြင်းဖြစ်သည်။
ကားတိုက်မှုကြောင့် ထိုင်းနိုင်ငံသား ကားသမားနှင့်အတူ ယာဉ်နောက်တွင် လိုက်ပါလာသူများ ကားထဲပိတ်မိနေသဖြင့် ကယ်ဆယ်ရေးအဖွဲ့များက ဖြတ်စက်များသုံး၍ ဆယ်မိနစ်ကြာအောင် ကယ်ထုတ်ခဲ့ရကြောင်း သိရသည်။
ထရပ်ကား၏ အနောက်ပိုင်းတွင် တာလပတ်များဖြင့် ဖုံးထားသည်ကို တွေ့ရပြီး အထဲတွင် ဒဏ်ရာအပြင်းအထန် ရရှိနေသော ရိုဟင်ဂျာအမျိုးသမီး ၇ ဦးနှင့်အတူ ဘေးတွင် ဒဏ်ရာမရသူ ၅ ဦး စုစုပေါင်း ၁၂ ဦးကို တွေ့ရဟု သတင်းတွင်ပါရှိသည်။
၎င်းတို့ထဲတွင် ကလေးငယ်များလည်း ပါဝင်ကြောင်း ဖော်ပြထားသည်။
ဒဏ်ရာရရှိသူများအနက် ခြေ၊ လက်ကျိုး ဒဏ်ရာရရှိသူများလည်း ရှိပြီး အချို့သူများက ပြင်ပပွန်းပဲ့ဒဏ်ရာများကို ရရှိကြကာ ကယ်ဆယ်ရေးအဖွဲ့များက ခွန်ခနွန်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။
ကားတိုက်မှုဖြစ်ပြီးနောက် ကားပေါ်လိုက်ပါလာသော ရိုဟင်ဂျာ ၁၀ ဦးကျော် ကားလမ်းကျော်၍ တောထဲ ထွက်ပြေးခဲ့ကြပြီး ရွာသားများက အချို့သူများကို ပြန်လည်တွေ့ရှိခဲ့ကြသည်။
လက်ရှိတွင် ဖမ်းဆီးခံရသော ရိုဟင်ဂျာအရေအတွက်ကိုမူ တိတိကျကျ မသိရသေးဘဲ ကားပေါ်တွင် ရိုဟင်ဂျာ ၃၀ ခန့် လိုက်ပါလာကြောင်း ကားသမား၏ ဖြေကြားချက်ကို သတင်းတွင်ဖော်ပြသည်။
ရိုဟင်ဂျာများကို စမွတ်စွန်ခရမ်ခရိုင်မှတစ်ဆင့် ဟတ်ယိုင်သို့ ပို့ဆောင်ပေးရန် အာရှလမ်းမကြီးအတိုင်း မောင်းနှင်လာစဉ် ကားသမားက အိပ်ငိုက်သွားသဖြင့် အရှေ့တွင် မောင်းနေသော ဘိလပ်မြေသယ်ကားကို ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖြေကြားထားသည်။
ယခုထရပ်ကား(ကုန်တင်ကား)သည် မိခင်ဖြစ်သူ၏ ကားဖြစ်ပြီး မိခင်ဖြစ်သူ၏ အကြွေးများကို ဆပ်နိုင်ရန် ဝင်ငွေကောင်းသော အလုပ်ကို လုပ်ကိုင်မိခဲ့ခြင်းဖြစ်ကြောင်း ကားသမား၏ ဝန်ခံချက်ကို ဖော်ပြသည်။
ယခုပို့ဆောင်မှုအတွက် ဘတ် ၆၀၀၀၀ အထိ ရရှိမည်ဖြစ်ကြောင်းလည်း ဖြေကြားထားသည်။
လက်ရှိတွင် ထွက်ပြေးလွတ်မြောက်နေသော ရိုဟင်းဂျာများကို လိုက်လံရှာဖွေနေဆဲဖြစ်ပြီး ကားတိုက်မှုနှင့် လူမှောင်ခိုပို့ဆောင်မှုများအတွက် ဆက်လက်စုံစမ်းသွားမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။
Ref: Khaosod English, Amarin TV







