ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထိုင်းနိုင်ငံသားများနှင့် ခိုက်ရန်ဖြစ်သော မြန်မာခြောက်ဦး ရဲစခန်းတွင် လာရောက်တောင်းပန်

January 13, 2026

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး စမွတ်ပရကန်ခရိုင် စားသောက်ဆိုင်ရှေ့တွင် ထိုင်းနိုင်ငံသား ပစ္စည်းပို့သမားများနှင့် ခိုက်ရန်ဖြစ်ခဲ့သော မြန်မာအလုပ်သမားခြောက်ဦးသည် ယနေ့ နံနက် ၁၁ နာရီခန့်တွင် ရဲစခန်းသို့ ရောက်လာပြီး ပစ္စည်းပို့သမားများနှင့် ထိုင်းပြည်သူများကို တောင်းပန်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ဇန်နဝါရီလ ၁၁ ရက် နေ့လယ်ပိုင်းက စမွတ်ပရကန်ခရိုင် ဘန်ဘိုဒေသ The One Bra & Restaurant ဆိုင်ရှေ့တွင် ထိုင်းနိုင်ငံသား ပစ္စည်းပို့သမားများနှင့် မြန်မာနိုင်ငံသားများကြား ခိုက်ရန်ဖြစ်ခဲ့သော ရုပ်သံမှတ်တမ်း ဆိုရှယ်မီဒီယာများပေါ် ပြန့်နှံ့လာခဲ့ခြင်းဖြစ်သည်။

လမ်းဆုံမီးပွိုင့်တွင် မြန်မာနိုင်ငံသား မောင်းလာသော ကားက လမ်းကြောင်းမှားပြီး ဝင်လာသဖြင့် ထိုင်းပစ္စည်းပို့သမားက ဟွန်းတီး၍ သတိပေးခဲ့ရာမှ နှစ်ဖက်တင်းမာခဲ့ပြီး ခိုက်ရန်ဖြစ်ခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီလ ၁၂ ရက်တွင် စားသောက်ဆိုင်သို့ အာဏာပိုင်များ လာရောက်စစ်ဆေးချိန် ခိုက်ရန်ဖြစ်မှုတွင် ပါဝင်ခဲ့သော မြန်မာအလုပ်သမား ခြောက်ဦးကို အလုပ်ရှင်က အလုပ်ထုတ်လိုက်ပြီဖြစ်ကြောင်း ဖြေကြားခဲ့ပြီး စားသုံးသူများနှင့် ပြည်သူများကို တောင်းပန်ခဲ့သည်။

ယင်းနေ့ ညပိုင်းတွင် ထိုင်းပစ္စည်းပို့သမား ၁၀၀ ခန့်က စားသောက်ဆိုင်ရှေ့ ရောက်ရှိလာပြီး ခိုက်ရန်ဖြစ်မှုတွင် ပါဝင်ခဲ့သော မြန်မာနိုင်ငံသားခြောက်ဦးကို လာရောက်ရှာဖွေခဲ့သော်လည်း မြန်မာနိုင်ငံသားများကို မတွေ့ရကြောင်း ဆိုသည်။

စားသောက်ဆိုင်ရှေ့သို့ ထိုင်းမျိုးချစ်အဖွဲ့များပါ ရောက်ရှိလာပြီး မြန်မာနိုင်ငံသားများကို ဖမ်းဆီးစစ်ဆေးပေးရန် လှုံ့ဆော်မှုများပါ ရှိလာခဲ့ခြင်းဖြစ်သည်။

ယင်းနောက် ယနေ့ ဇန်နဝါရီလ ၁၃ ရက် နံနက် ၁၁ နာရီခန့်တွင် ခိုက်ရန်ဖြစ်မှုတွင် ပါဝင်ခဲ့သော မြန်မာနိုင်ငံသား ခြောက်ဦးနှင့်အတူ စားသောက်ဆိုင်မန်နေဂျာတို့သည် ဘန်ဘိုရဲစခန်းသို့ စစ်ဆေးမေးမြန်းခံရန် လာရောက်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

မြန်မာနိုင်ငံသားများက ယခုဖြစ်ရပ်အတွက် နောင်တရပြီး နောက်တစ်ကြိမ် ထပ်မံ မဖြစ်စေရကြောင်းနှင့် ထိုင်းပစ္စည်းပို့သမားများနှင့် ထိုင်းပြည်သူများကို တောင်းပန်ကြောင်း ပြောကြားခဲ့သည်။

ရန်ဖြစ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုအတွက် လျော်ကြေး ဘတ် တစ်သောင်းကို ပေးချေရန်လည်း ကတိပြုခဲ့ကြောင်း ဖော်ပြသည်။

လက်ရှိတွင် ခိုက်ရန်ဖြစ်မှုတွင် ပါဝင်ခဲ့သော နှစ်ဖက်စလုံးကို ရဲတပ်ဖွဲ့က အမှုဖွင့်ထားပြီး မြန်မာနိုင်ငံသားများ၏ အချက်အလက်များကို မှတ်ယူခဲ့ပြီးနောက် ပြန်လွှတ်ပေးခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

စားသောက်ဆိုင်ကိုလည်း ထိုင်းနိုင်ငံသားတစ်ဦး၏ လက်အောက်တွင် ဖွင့်ထားပြီး စာရွက်စာတမ်းများကို မကြာမီ တင်ပြပေးမည်ဖြစ်ကြောင်း ဆိုင်မန်နေဂျာက ထွက်ဆိုခဲ့သည်။

Ref: CH 7, Thaiger, Samut Prakan News