နေရပ်ပြန်ပို့သူများကို စစ်ကော်မရှင်က အဓမ္မစစ်သားစုဆောင်းနေချိန် ထိုင်းနိုင်ငံ ရနောင်းထိန်းသိမ်းရေးစခန်းမှ မြန်မာနိုင်ငံသား ၁၀၀ ခန့်ကို ယနေ့ ကော့သောင်းဘက်သို့ ဒုတိယအကြိမ် နေရပ်ပြန်ပို့လိုက်ကြောင်း ကိုယ်တိုင်လိုက်ပါပို့ဆောင်သော မြန်မာနိုင်ငံသားထံမှ သိရသည်။
၂၀၂၆ ခုနှစ် နှစ်သစ် ဇန်နဝါရီလ ၅ ရက်နေ့တွင် ပထမအကြိမ် မြန်မာနိုင်ငံသား ၇၅ ဦးကို နေရပ်ပြန်ပို့ခဲ့ပြီးနောက် ယခုလအတွင်း ဒုတိယအကြိမ် နေရပ်ပြန်ပို့ခဲ့ခြင်းဖြစ်သည်။
ယနေ့ ဇန်နဝါရီလ ၁၃ ရက် နေ့လယ် ၁၁ နာရီခွဲက ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးနောက် ရနောင်းထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသော မြန်မာနိုင်ငံသား အမျိုးသား ၇၃ ဦး၊ အမျိုးသမီး ၂၀ ဦး စုစုပေါင်း ၉၃ ဦးနှင့်အတူ ကလေး ၁ ဦးကို ကော့သောင်းမြို့သို့ ထပ်မံလွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သော ၂၀၂၅ ခုနှစ်အတွင်း ရနောင်းမှ ကော့သောင်းသို့ နေရပ်ပြန်ပို့ခံရမှု ၁၆ ကြိမ်ရှိခဲ့ပြီး နေရပ်ပြန်ပို့ခံရသူ ၂၀၇၂ ဦးရှိခဲ့သည်။
၂၀၂၄ ခုနှစ်တွင်မူ ရနောင်းထိန်းသိမ်းရေးစခန်းမှ ကော့သောင်းသို့ ပြန်လွှဲပြောင်းပေးမှုအကြိမ်ရေ စုစုပေါင်း ၁၄ ကြိမ်ရှိပြီး မြန်မာနိုင်ငံသား ၂၀၀၅ ဦးကို နေရပ်ပြန်ပို့ခဲ့သည်။
နေရပ်ပြန်ပို့မည့် မြန်မာနိုင်ငံသားများကို ရနောင်း ခေါင်နန်းဟောင်မီးပြတိုက်လမ်းမှတဆင့် ကော့သောင်းဘက်သို့ စက်လှေများဖြင့် လွှဲပြောင်းပေးခဲ့ကြောင်း ကိုယ်တိုင်လိုက်ပါပို့ဆောင်သူက ပြောသည်။
စစ်ကော်မရှင်ကလည်း နေရပ်ပြန်လည်ပို့ဆောင်လာသူများထဲမှ လူငယ်လူလတ်များကို အဓမ္မစစ်မှုထမ်းခိုင်းရန် ဖမ်းဆီးခေါ်ဆောင်မှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း စစ်မှုထမ်း စုဆောင်းခံရပြီး ထွက်ပြေးလွတ်မြောက်လာသူများထံမှ သိရသည်။







