မွန်ပြည်နယ်အတွင်း စက်သုံးဆီ ပြတ်လပ်နေပြီး စက်သုံးဆီစျေး တစ်လီတာလျှင် ကျပ် ၅၀၀၀ ကျော်အထိ ပေးဝယ်နေရကြောင်း ဒေသခံတို့က ပြောသည်။
လက်ရှိတွင် ပြည်နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်အချို့တွင် ဆီဝယ်ယူရရှိနေသော်လည်း နာရီနှင့်ချီ တန်းစီစောင့်ဆိုင်းနေရကြောင်း ၎င်းတို့က ဆိုသည်။
ဆိုင်အချို့မှာ အကန့်အသတ်ဖြင့် ရောင်ပေးနေသည့်သလို လုံးဝပိတ်ထားသည့် ဆိုင်များလည်း ရှိကြောင်း ဒေသခံများက ပြောဆိုသည်။
စက်သုံးဆီ မပြတ်လပ်မီ စက်သုံးဆီအရောင်းဆိုင်များတွင် ၉၂၊ ၉၅ တစ်လီတာလျှင် ကျပ် ၂၀၀၀ နှင့် ၃၀၀၀ ကြားရှိနေပြီး ဆီပြတ်လပ်ပြီးနောက် လက်ရှိတွင် ပြင်ပဆိုင်များ၌ တစ်လီတာ ကျပ် ၅၀၀၀ ကျော်ဖြင့် ဝယ်ယူနေရကြောင်း ဒေသခံများထံမှ သိရသည်။
“ဆီက ဆိုင်တွေ အများစုမှာ မရဘူး။ ရခဲ့ရင်တောင် တန်းစီစောင့်ရတယ်။ နယ်ဘက်မှာလည်း အတူတူပဲ။ ဆိုင်တွေမှာတော့ စျေးက သိပ်အများကြီး တင်မရောင်းရဲဘူးထင်တယ်။ တစ်လီတာ ၃၀၀၀ ကျော် တစ်ဆိုင်နဲ့ တစ်ဆိုင်တော့ မတူဘူး။ ဒါပေမဲ့ ဆိုင်မှာက ဝယ်မရဘူးလေ။ အပြင်မှာက တစ်လီတာ ၅၀၀၀ ထိတဲ့ လူလည်း ရှိတယ်။ ၆၀၀၀ နဲ့ ဝယ်ရတဲ့လူလည်း ရှိတယ်” ဟု မော်လမြိုင်မြို့က လူငယ်တစ်ဦးက ပြောသည်။
ပြည်နယ်အတွင်း ကြုံတွေ့နေရသည့် စက်သုံးဆီပြတ်လပ်မှုနှင့် ပတ်သက်ပြီး စစ်ကော်မရှင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက နိုဝင်ဘာလ ၉ ရက်တွင် မုဒုံမြို့နယ် ကတုံးပေါ်ကျေးရွာရှိ Puma International Port Terminal ဆိပ်ကမ်းသို့ သွားရောက်စစ်ဆေးပြီး စက်သုံးဆီပြတ်လပ်မှုပြဿနာကို အမြန်ဆုံးဖြေရှင်းရန်ညွှန်ကြားထားကြောင်း ဆိုသည်။
ယင်းအပြင် စက်သုံးဆီများကို သတ်မှတ်စျေးနှုန်းများအတိုင်း ရောင်းချရန်နှင့် ရောင်းချမှုမရှိပါက ထိထိရောက်ရောက် အရေးယူသွားမည်ဟု ဦးအောင်ကြည်သိန်းက ပြောဆိုထားသည်။
သို့သော်လည်း မွန်ပြည်နယ်အတွင်း စက်သုံးဆီ ပြတ်လပ်မှုပြဿနာသည် နှစ်ပတ်ခန့်ကြာလာသည်အထိ ဖြေရှင်းနိုင်ခြင်း မရှိသေးဘဲ စက်သုံးဆီဆိုင်အများစုတွင်လည်း ဆီပြတ်လပ်နေဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။
“ဆီပြဿနာက အခုအထိ ပုံမှန်မဖြစ်သေးဘူး။ တချို့ဆိုင်မှာ ရနေတယ်။ ဒါပေမဲ့ တန်းစီစောင့်ဆိုင်းပြီး ဝယ်ရတယ်။ ကုန်သွားရင်တော့ မရဘူး။ အခုဆို နှစ်ပတ်လောက်ရှိနေပြီ၊ တချို့ဆိုင်ဆို ဆီ ရှိကို မရှိတာ” ဟု အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
မွန်ပြည်နယ်အတွင်း စက်သုံးဆီ ဖြန့်ဖြူးရောင်းချခြင်းကို ယခင်က ရန်ကုန် သီလဝါဆိပ်ကမ်းရှိ စက်သုံးဆီကန်မှတစ်ဆင့် လာရောက် ဖြန့်ဖြူးရာမှ လက်ရှိတွင် မုဒုံမြို့နယ်၊ ကတုံးပေါ်ကျေးရွာရှိ Puma International Port Terminal ဆိပ်ကမ်းမှတစ်ဆင့် စက်သုံးဆီ ဖြန့်ဖြူးနေသည်။
မွန်ပြည်နယ်အတွင်း စက်သုံးဆီ ဖြန့်ဖြူးခြင်းကို Myanmar Energy King ကုမ္ပဏီနှင့် Ya Zar Min Industry ကုမ္ပဏီတို့က လုပ်ကိုင်နေပြီး Puma International Port Terminal ဆိပ်ကမ်းတွင် စက်သုံးဆီပန့် မလုံလောက်မှုကြောင့် စက်သုံးဆီ ဖြန့်ဖြူးရာတွင် အဆင်မပြေမှု ဖြစ်ပေါ်နေကြောင်း စက်သုံးဆီအရောင်းဆိုင်များထံမှ သိရသည်။







