BREAKING
October 30, 2025

ကော့ဖငန်းတွင် မူးယစ်ဆေးပြားများနှင့်အတူ မြန်မာလူငယ်နှစ်ဦး ထပ်မံဖမ်းဆီးခံရ

September 12, 2025

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် ကော့ဖငန်းကျွန်းတွင် မူးယစ်ဆေးပြားများနှင့်အတူ မြန်မာလူငယ်နှစ်ဦးကို ရဲတပ်ဖွဲ့က ထပ်မံဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

စက်တင်ဘာလ ၁၀ ရက်နေ့က ကော့ဖငန်းကျွန်းရှိ နံပါတ်မရှိသော အိမ်တစ်ဆောင်တွင် မြန်မာလူငယ်များက မူးယစ်ဆေးဝါးသုံးစွဲနေကြောင်း သတင်းရရှိသဖြင့် ရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူနှစ်ဦးမှာ အသက် ၁၉ နှစ်အရွယ် မောင်အောင်ပြည့်ဌေးနှင့် အသက် ၂၂ နှစ်အရွယ် မောင်လပြည့်အောင်တို့ ဖြစ်ကြပြီး ၎င်းတို့နှင့်အတူ WY မူးယစ်ဆေးပြား ၁၈ ပြားကိုလည်း တွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။

အဆိုပါအိမ်တွင် မြန်မာလူငယ်များ နေ့စဉ်လာရောက်စုဝေးကြပြီး မူးယစ်ဆေးဝါးသုံးစွဲနေကြောင်း သတင်းပေးတိုင်ကြားလာသဖြင့် ရဲတပ်ဖွဲ့က စောင့်ကြိုဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ရဲတပ်ဖွဲ့များ ဝင်ရောက်ဖမ်းဆီးချိန်တွင် မြန်မာလူငယ်နှစ်ဦးသည် အိမ်နောက်က ပိန်းပင်တောထဲ ထွက်ပြေးပုန်းရှောင်ခဲ့သဖြင့် ရဲတပ်ဖွဲ့က နောက်က လိုက်လံဖမ်းဆီးနိုင်ခဲ့ကြောင်း ဖော်ပြသည်။

မြန်မာလူငယ်နှစ်ဦးကလည်း မူးယစ်ဆေးပြားများကို ကိုသန်းဇော်ဦးအမည်ရှိ မြန်မာနိုင်ငံသားထံမှ တစ်ပြားလျှင် ဘတ် ၅၀ နှုန်းဖြင့် ၂၀ ပြား ဝယ်ထားခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံထားဟုဆိုသည်။

လက်ရှိတွင် မောင်အောင်ပြည့်ဌေးကို တရားမဝင် ဝင်ရောက်လာမှု၊ မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် မောင်လပြည်အောင်ကို မူးယစ်ဆေးဝါး လက်ဝယ်ပိုင်ဆိုင်မှုဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းတွင် ဖော်ပြသည်။

ပြီးခဲ့သော စက်တင်ဘာလ ၁ ရက်နေ့ကလည်း ကော့ဖငန်းကျွန်းတွင် မူးယစ်ဆေးဝါးအမှုနှင့် ပက်သက်၍ ကွင်းဆက်ကို ထိုင်းရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးရာမှ မြန်မာနိုင်ငံသား ၆ ဦး ဖမ်းဆီးခံရသေးသည်။

Ref: Naewna, CH 7