BREAKING
October 30, 2025

သံဖြူဇရပ်တွင် ရွှေဆိုင်ပိုင်ရှင်တစ်ဦး ကျပ်သိန်း ၃၀၀၀ ကျော်ဖိုး လုယက်ခံရ

September 12, 2025

ဓာတ်ပုံ - Thanphyuzayat Watch

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ပေါ်က “ဝီရမာန်” ရွှေဆိုင်ပိုင်ရှင် လုယက်ခံရပြီး တန်ဖိုး ကျပ်သိန်းပေါင်း ၃၀၀၀ ကျော်ရှိသည့်‌ ရွှေထည်ပစ္စည်းများ ပါသွားကြောင်း မြို့ခံများထံမှ သိရသည်။

ယမန်နေ့ စက်တင်ဘာလ ၁၁ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်က သံဖြူဇရပ်မြို့၊ စက်သစ်ရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် “ဝီရမာန်” ရွှေဆိုင်ပိုင်ရှင် ဦးဇေယျာလင်းနှင့် ဒေါ်မို့မို့သူဇာတို့ ဆိုင်သိမ်းပြီး ကားဖြင့် ကြာကန်ရပ်ကွက်ရှိ နေအိမ်သို့ ပြန်လာစဉ် အိမ်ရှေ့အရောက်တွင် လုယက်ခံရခြင်းဖြစ်သည်။

မြို့ခံတို့၏ အဆိုအရ “ဝီရမာန်” ရွှေဆိုင်ပိုင်ရှင် လင်မယားနှစ်ဦးသည် နေအိမ်ရှေ့အရောက်တွင် အမည်မသိ အမျိုးသား ၂ ဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး သေနတ်ပြ ခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများ လုယူသွားခဲ့ခြင်းဖြစ်သည်။

“သူတို့ (လုယက်သူတွေ) က အသင့်စောင့်နေတယ် ထင်တယ်။ ဟိုက ကားပေါ်က ဆင်းလာတာနဲ့ သူတို့က သေနတ်ပြပြီး ရွှေထည့်ထားတဲ့အိတ်ကို လုယူသွားတာ” ဟု သံဖြူဇရပ်မြို့ခံတစ်ဦးက ပြောသည်။

လုယက်ခံရမှုကြောင့် ရွှေထည်ပစ္စည်း စုစုပေါင်း တန်ဖိုး ကျပ်သိန်းပေါင်း ၃၀၀၀ ကျော် ပါသွားကြောင်း ကနဦး သိရသည်ဟုလည်း ဆိုသည်။

ရွှေထည်ပစ္စည်းများ လုယက်သွားသူတို့ကို ဖမ်းဆီးရမိနိုင်ရေး စစ်ကော်မရှင် လက်အောက်ခံ လုံခြုံရေးအဖွဲ့တို့က ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိပြီး ယနေ့ထိ ဖမ်းဆီးရမိနိုင်ခြင်းမရှိသေးပေ။

စက်တင်ဘာလ ၁၁ ရက်နေ့ တစ်ရက်တည်းတွင်ပင် မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်၊ တက္ကသိုလ်ပတ်လမ်းရှိ နေအိမ်တစ်အိမ်တွင်လည်း ဓါးပြတိုက်ခံရပြီး တန်ဖိုး ကျပ်သိန်းထောင်ကျော် ပါသွားကြောင်း မြို့ခံတို့ထံမှ သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်အတွင်းရှိ မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး အစရှိသည့် မြို့တို့တွင် ရွှေဆိုင် ဓားပြတိုက်မှု၊ လုယက်မှု၊ ခြိမ်းခြောက်ငွေတောင်းမှုများအပြင် ခိုးမှု၊ လုယက်မှုများနှင့် လုယက်ပြီး လူသတ်သည့်ဖြစ်စဉ်များ မကြာခဏဖြစ်ပွားနေသည်။