ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထိုင်းတွင် မြန်မာအမျိုးသမီးတစ်ဦး အသားကြိတ်စက်ထဲ လက်ဝင်သွားပြီး လက်ချောင်းများထိခိုက်

September 12, 2025

ထိုင်းနိုင်ငံ နွန်ထဘူရီခရိုင်တွင် အလုပ်လုပ်နေရင်း အသားကြိတ်စက်ထဲသို့ လက်တစ်ဖက်ဝင်သွားခဲ့သဖြင့် မြန်မာအမျိုးသမီး အလုပ်သမားတစ်ဦး လက်ချောင်းများ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

စက်တင်ဘာလ ၁၁ ရက်နေ့ နံနက် ၈ နာရီခန့်က နွန်ထဘူရီခရိုင် ဘန်ဘိုဝါထွန်းဒေသရှိ ဝက်သားဆိုင်ထဲတွင် အသက် ၂၀ အရွယ် မြန်မာအမျိုးသမီးတစ်ဦးသည် အလုပ်လုပ်နေရင်း အသားကြိတ်စက်ထဲသို့ လက်ပါသွား၍ စက်ထဲ လက်ညှပ်သွားကြောင်း သတင်းတွင်ပါရှိသည်။

မြန်မာအမျိုးသမီး၏ အော်သံကို အခြားလုပ်ဖော်ကိုင်ဖက်များက ကြားခဲ့ရပြီးနောက် ကယ်ဆယ်ရေးအဖွဲ့များကို ချက်ချင်း အကူအညီတောင်းခံခဲ့သည်။

ကယ်ဆယ်ရေးအဖွဲ့များက အသားကြိတ်စက်၏ အစိတ်အပိုင်းများကို တစ်ခုချင်းစီ ဖယ်ရှားပေးခဲ့ရပြီး မိနစ်သုံးဆယ်ခန့်ကြာပြီးနောက် မြန်မာအမျိုးသမီးကို ကယ်တင်နိုင်ခဲ့သည်။

မတော်တဆမှုကြောင့် အမျိုးသမီး၏ ဘယ်ဘက် လက်ချောင်း ၅ ချောင်းစလုံးမှာ ပုံစံပျက်ယွင်းသွားခဲ့သည်ကို တွေ့ရှိခဲ့ကြောင်း၊ ကယ်ဆယ်ပြီးချိန်တွင် မြန်မာအမျိုးသမီးသည် သတိရှိနေသေးပြီး သူမကို ရှေးဦး ကုသပေးခဲ့ကာ ဘန်းဘိုဝါထွန်းဆေးရုံသို့ အရေးပေါ်ပို့ဆောင်ပေးခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

မြန်မာအမျိုးသမီးသည် ဆိုင်ထဲ အလုပ်လုပ်ကိုင်နေသည်မှာ တစ်ပတ်ခန့်သာရှိသေးသဖြင့် ကျွမ်းကျင်မှု နည်းပါးနေသေးကြောင်း၊ ယခင်က ဆိုင်ထဲတွင် မတော်တဆမဖြစ်ဖူးခဲ့ကြောင်း အခြားဝန်ထမ်းများက ဖြေကြားထားသည်။

လက်ရှိတွင် မြန်မာအမျိုးသမီး၏ ဒဏ်ရာကို ဆေးရုံတွင် ခွဲစိတ်ကုသနေဆဲဖြစ်ပြီး ယခုဖြစ်ရပ်ကို ပြန်လည်ဆန်းစစ်၍ လုပ်ငန်းခွင်မတော်တဆမှုများကို ကာကွယ်နိုင်ရေး အထူးသတိထားဆောင်ရွက်ရန် လိုအပ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားထားသည်။

Ref: The Thaiger, Naewna, Matichon Online