မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကလော့သော့၊ ဖယ်ဒိုး၊ ကော့ပီထောနှင့် တောင်ပ စသည့် ကျေးရွာ တစ်ဝိုက်တွင် စျေးဆိုင်များ၊ အိမ်နှင့် စိုက်ခင်းခြံများ ဖောက်ထွင်း ခိုးယူခံရမှု ပိုများလာကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဇွန်လက မိုးသည်းထန်ရွာနေသည့်အချိန်တွင် ဒူးရင်းသီးများနှင့် မုန့်များ ကာလတန်ဖိုး နှစ်သိန်းကျော် အခိုးခံ လိုက်ရကြောင်း မုန့်နှင့် အသီးအနှံများရောင်းချနေသည့် ဖယ်ဒိုးကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
“သူခိုးတွေက အဖွဲ့လိုက်ဆိုပေမယ့် ခိုးတဲ့အခါ တစ်ကိုယ်တော်ပဲ လှုပ်ရှားတယ်။ သူ့မှာ လက်နက်တစ်ခုခု အထူးသဖြင့် လေးခွ၊ ဓားနဲ့ ပစ္စည်းခိုးတဲ့ အသုံးဝင်ပစ္စည်းတွေနဲ့အတူ လူတွေ အိပ်မောကျတဲ့ ညဥ့်နက်အချိန်နဲ့ မနက်ပိုင်းအချိန်တွေမှာ ဝင်ရောက် ခိုးကြတယ်” ဟု ၎င်းက ဆိုသည်။
ပစ္စည်းခိုးသူများသည် မူးယစ်ဆေး၀ါး စွဲနေသူများဖြစ်ပြီး ယခုနောက်ပိုင်း ကျေးရွာများတွင် ခိုးယူခံရမှု ပိုများလာကြောင်း အထက်ပါ ဆိုင်ရှင်အမျိုးသမီးက ပြောဆိုသည်။
ကလော့သော့ကျေးရွာရှိ ခြံပိုင်ရှင်အမျိုးသမီးတစ်ဦးကလည်း စျေးကြီးသည့် အကိုင်းဆက် ဒူးရင်းသီးများ၊ ငှက်ပျောခိုင်များ ခိုးယူခံရပြီး ဒေသတွင်း ခိုးသည့်သူများမှာ မူးယစ်ဆေး၀ါးသုံးစွဲသူ အများစုဖြစ်ကြောင်း ဆိုသည်။
“သူခိုးလက်ခံတဲ့ ဘယ်ဆိုင်မဆို သူတို့သွားရောင်းတယ်။ ရလာတဲ့ ပိုက်ဆံကို မူးယစ်ဆေးဝါး ပြန်ဝယ်သုံးစွဲကြတယ်” ဟု ခြံရှင်အမျိုးသမီးက ပြောသည်။
အာဏာသိမ်းပြီးနောက် ဥပဒေတင်းကျပ်မှု နည်းလာသည့်အတွက် မွန်ပြည်နယ်ရှိ ကျေးရွာအချို့တွင် မူးယစ်ဆေး၀ါး သုံးစွဲသည့် လူငယ်များ ပိုများလာပြီး အသက် ၁၂ နှစ်အရွယ်ကလေးများပင် စတင်သုံးစွဲနေသည်ကို တွေ့ရကြောင်း မုဒုံမြို့နယ်၊ ကလော့သော့ကျေးရွာအုပ်စုမှ ပရဟိတလူငယ်တဦးက ပြောဆိုသည်။
မူယစ်ဆေးဝါးသုံးစွဲသူများလာသည်နှင့်အမျှ ကျေးရွာများတွင် သူခိုးများနှင့် လုယက်မှုများလည်း မကြာခဏဖြစ်ပွား လာကြောင်း ၎င်းက ဆိုသည်။
“မူးယစ်ဆေးဝါးအသုံးပြုမှု လျော့နည်းလာအောင် အုပ်ချုပ်ရေးအာပိုင်းမှာ တင်းကျပ်စွာ ကိုင်တွယ်နိုင်ဖို့ ကြိုးစားသင့်တယ်။ သုံးစွဲနေသူတွေကို ကြီးလေးတဲ့ အပြစ်ပေးမယ့်အစား မူးယစ်ဆေးဝါးအစားထိုးဖို့ ဆေးတစ်ခုခု ဖန်တီးပေးသင့်တယ်။ ဒါမှမဟုတ် မွန်ပြည်သစ်ပါတီထိန်းချုပ်ဒေသရှိ အကျင့်စာရိတ္တပြုပြင်ပေးတဲ့ ကုသရေးစင်တာကို ပို့ဆောင်သင့်တယ်” ဟု ၎င်းက ပြောသည်။
အာဏာသိမ်းပြီးနောက် မွန်၊ တနင်္သာရီ စသည့် ဒေသများတွင် WY/R တံဆိပ် စိတ်ကြွဆေးပြားများ ၀ယ်ယူရ ပိုမိုလွယ်ကူလာပြီး စျေးနှုန်းမှာလည်း လူတိုင်းလက်လှမ်းမီနိုင်သည့် တစ်ပြား ၃၀၀၀ ကျပ် အထိသာ ရှိသည်။
မွန်ပြည်နယ်တွင် မုဒုံနယ်စပ်၊ ကြာအင်းဆိပ်ကြီးစသည့် ဒေသတစ်လျှောက်တွင်မူ လက်ရှိအချိန်တွင် WY/ R တံဆိပ် စိတ်ကြွဆေးပြားတစ်ပြားကို ကျပ် ၅၀၀၀ ဝန်းကျင်ရှိပြီး အလွယ်တကူဝယ်ယူနိုင်ကြောင်း ဒေသခံအချို့က ပြောဆိုကြ သည်။