BREAKING
June 13, 2025

မလေးရှားသို့ တရားမဝင် သွားမည့် မြန်မာ ၄၀ ကျော် ကန်ချနဘူရီတွင် ဖမ်းဆီးခံရ

June 12, 2025

မလေးရှားနိုင်ငံသို့ တရားမဝင်သွားမည့် မြန်မာနိုင်ငံသား ၄၀ ကျော်သည် ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် ဖမ်းဆီးခံရခဲ့ရသည်။

ယနေ့ ဇွန်လ ၁၂ ရက်နေ့ နံနက် ၃ နာရီခွဲတွင် မြန်မာနိုင်ငံသားများ တရားမဝင် ဝင်လာကြောင်း သတင်းပေးတိုင်ကြားချက်ရရှိသဖြင့် နယ်မြေရဲတပ်ဖွဲ့နှင့် နယ်ခြားစောင့်တပ်ဖွဲ့က ထိုးဖားဖမ်းဒေသတွင် စောင့်ကြို စစ်ဆေးခဲ့သည်။

ယင်းအချိန် ကားအနောက်ပိုင်းကို တာလပတ်ပိုင်းဖြင့် ဖုံးထားသော ပစ်ကပ်ကားတစ်စီး မောင်းလာသည်ကို တွေ့ရသဖြင့် ရဲတပ်ဖွဲ့က တားဆီးစစ်ဆေးစဉ် ကားသည် မရပ်ပေးပဲ အမှတ် ၃၂၃ အမြန်လမ်းမကြီးအတိုင်း အရှိန်မြင့်‌ မောင်းပြေးသွားခဲ့ကြောင်း ထိုင်းသတင်းတွင် ဖော်ပြထားသည်။

ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးရာ ကားကို လမ်းဘေးသို့ ချရပ်ခဲ့ပြီး ကားသမားက အမှောင်ထဲတွင် ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း ကားအနောက်ပိုင်း တာလပတ်အောက်တွင် မြန်မာနိုင်ငံသား အမျိုးသား၊ အမျိုးသမီးနှင့် ကလေးငယ်များအပါအဝင် ၄၄ ဦးကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။

အားလုံးတွင် တရားဝင် သွားလာခွင့် စာရွက်စာတမ်းများကို မတွေ့ရကြောင်း၊ ၎င်းတို့သည် ဘုရားသုံးဆူနယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံထဲသို့ တရားမဝင် ဝင်ရောက်လာကြပြီး ကန်ချနဘူရီမြို့ထဲအရောက်တွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်းသတင်းများအရ သိရသည်။

အားလုံးသည် မလေးရှားနိုင်ငံသို့ သွားရောက်လုပ်ကိုင်ရန် ရည်ရွယ်၍ ဝင်ရောက်လာခြင်းဖြစ်ပြီး ခရီးစရိတ်အတွက် ဘတ် ၇၅၀၀၀ မှ ၇၆၀၀၀ အထိ ကုန်ကျမည်ဖြစ်ကြောင်း ဖမ်းဆီးခံရသူများက ဆိုသည်။

လက်ရှိတွင် မြန်မာနိုင်ငံသားများကို ထိုးဖားဖမ်းရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး ဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

ပြီးခဲ့သော ဇွန်လ ၇ ရက်နေကလည်း ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် အလုံပိတ်ကားပေါ် တရားမဝင် လိုက်ပါလာသော မြန်မာနိုင်ငံသား ၄၀ ဦး ဖမ်းဆီးခံရသေးသည်။

Ref: Joe Joe, MGR Online