BREAKING
May 12, 2025

ရေဖြူတွင် မွန်စာပေသင်ကျောင်း တက်ရောက်သူလျော့ကျ၊ တိုက်ပွဲကြောင့် ကျောင်းအချို့ပိတ်ထားရ

May 12, 2025

ပုံစာ - ရေဖြူမြို့နယ်၌ ယခုနှစ်နွေရာသီ မွန်ကျောင်းတစ်ကျောင်းတွင် မွန်စာပေသင်ယူနေသည်ကို တွေ့ရစဥ် ။ ဓာတ်ပုံ - ရာမညနိကာယ ဘာဓမ္မာရာမိက ။

ရေဖြူမြို့နယ်ရှိ မွန်လူမျိုးများနေထိုင်သည့် ကျေးရွာများတွင် နှစ်စဥ်နွေရာသီတွင် ဖွင့်လှစ်လေ့ရှိသည့် မွန်စာပေ သင်တန်းကျောင်းများတွင် ယခုနှစ်တွင် တက်ရောက်သင်ယူသူ သိသိသာသာလျော့နည်းလာကြောင်း မွန်စာပေသင်ကြားသည့် ဆရာတော်များနှင့် ဒေသခံများထံမှ သိရသည်။

စစ်အာဏာသိမ်းပြီးနောက် ပညာသင်သည့်အရွယ် လူငယ်များ ပြည်ပနိုင်ငံများသို့ ထွက်ခွာခြင်း၊ မိဘအုပ်ထိန်းသူများက နွေရာသီတွင် မွန်စာပေသင်ကြားခြင်းထက် အတန်းပညာအတွက် ကျူရှင်၊ ဘော်ဒါများ ကြိုတင်တက်ရောက်စေခြင်း တို့ကြောင့် မွန်စာပေသင်သူ လျော့နည်းလာကြောင်း မွန်စာပေသင်ကြားပေးနေသည့် ဆရာတော်တစ်ပါးက မိန့်သည်။

“အစိုးရကျောင်းမှာ အတန်းနည်းနည်းပိုကြီးတဲ့သူတွေဆို မိဘတွေက သူများကို မမီမှာကြောက်ပြီး ကျူရှင် အဆောင်ကို ကြိုပို့ကြတယ်။ မွန်စာတတ်ရင် အကျိုးမရှိဘူးလို့ သူတို့ (မိဘအုပ်ထိန်းသူ) တွေးတာလားတော့ မပြောတတ်ဘူး။ အဲဒီတော့ ကလေးငယ်ငယ်လေးတွေက လျော့သွားတာ မဟုတ်ဘဲ အသက်နည်းနည်းပိုကြီး (အကြီးပိုင်း) တွေက ‌ပိုလျော့တာ များတယ်” ဟု ဆရာတော်က မိန့်သည်။

နှစ်စဥ် ကျောင်းသား၊ ကျောင်းသူ နှစ်ရာကျော် တက်ရောက်သင်ကြားလေ့ရှိသည့် ကံပေါက်တိုက်နယ်က မွန်ကျောင်း တစ်ကျောင်းတွင် ယခုနှစ် တက်ရောက်သင်ကြားသူ ၁၅၀ ဝန်းကျင်သာရှိတော့ကြောင်း ယင်းကျောင်းထံမှသိရသည်။

မွန်စာပေ သင်ယူသူ လျော့နည်းလာလျှင် မွန်စာပေ မတတ်တော့သူ များလာမည်ဖြစ်ပြီး စာပေ တိမ်ကောလာနိုင်ကာ မွန်ယဉ်ကျေးမှု၊ သမိုင်းကြောင်းနှင့် အစဉ်အလာများလည်း ပျောက်ကွယ်လာနိုင်ကြောင်း မွန်စာပေသင်ကြားပေးနေသည့် ဆရာတော်အချို့က မိန့်သည်။

မွန်စာပေကျောင်းများသည် မွန်ဘုန်းကြီးကျောင်းများတွင် ဖွင့်လှစ်ခြင်းဖြစ်ပြီး အခြေခံပညာကျောင်းများ ပိတ်ပြီး ရက်သတ္တပတ်အကြာတွင် စတင်ဖွင့်လှစ်ကာ အခြေခံပညာကျောင်းမဖွင့်မီ တစ်ပတ်အလိုတွင် ပြန်ပိတ်ကြသည်။

နွေရာသီမွန်စာပေကျောင်းများတွင် မွန်စာပေ၊ အရေး၊ အဖတ်၊ အပြောနှင့် သမိုင်းကြောင်းများကို တစ်နှစ်တစ်တန်းစနစ်ဖြင့် အတန်းခွဲ ဆယ်ခုအထိတက်ရောက်ရပြီး သင်ယူပြီးစီးပါက “မွန်ဒေသလုံးဆိုင်ရာ ရာမညနိကာယ” အသင်းကြီးက အသိအမှတ်ပြု အောင်လက်မှတ်ချီးမြှင့်ကြောင်း မွန်ကျောင်းများထံမှ သိရသည်။

ထားဝယ်ခရိုင်တွင် မွန်ပြည်နယ်နှင့် ထိစပ်နေသည့် ရေဖြူမြို့နယ်တွင် မွန်စာပေကျောင်း ၁၂ ကျောင်းခန့်ရှိပြီး ယခုနှစ် နွေရာသီ မွန်ကျောင်းဖွင့်သောကာလဖြစ်သည့် ဧပြီလတတိယပတ်မှစ၍ ယခုမေလအထိ ဒေသတွင်းစစ်ရေး မငြိမ်မသက်မှုကြောင့် ကျောင်း ငါးကျောင်းပိတ်ထားရကြောင်း ဒေသခံမွန်လူမျိုးများက ဆိုသည်။

“မင်းသားအုပ်စု၊ နတ်ကြီးစင်အုပ်စုက နွေရာသီမွန်ကျောင်းတွေက တိုက်ပွဲတွေကြောင့် ပိတ်ထားရတယ်။ ပြီးတော့ ရေဖြူနယ်ထဲက မွန်ပြည်သစ် အစီအစဥ်နဲ့ အတန်းကျောင်းပုံစံလို ဖွင့်ထားတဲ့ မွန်စာသင်ကျောင်းတွေလည်း ပိတ်ထားရ တယ်” ဟု ရေဖြူမြို့နယ်ဒေသခံ မွန်အမျိုးသမီးတစ်ဦးက ပြောသည်။

ရေဖြူမြို့နယ်လုံးဆိုင်ရာ နွေရာသီမွန်ကျောင်းများ၏ အတန်းတင်စာမေးပွဲကို ၂၀၂၂ ခုနှစ်တွင် ရေဖြူမြို့နယ်၊ ကျွဲသုံးညီမ ရွာတွင် နောက်ဆုံးကျင်းပခဲ့ပြီး ယင်းနောက်ပိုင်းတွင် မိမိရပ်ရွာအလိုက်သာ စာမေးပွဲ ဖြေဆိုကြတော့ကြောင်း စာမေးပွဲ စီစဥ်သူများထံမှသိရသည် ။

ယခုနှစ်တွင် ရေဖြူမြို့နယ်လုံးဆိုင်ရာ နွေရာသီမွန်ကျောင်းစာမေးပွဲကို ပြန်လည်ကျင်းပရန်စီစဥ်ခဲ့သော်လည်း ရေဖြူမြို့နယ် အတွင်း စစ်ရေးမငြိမ်မသက်မှုများ နှင့် ကျောင်းများရာနှုန်းပြည့် မဖွင့်လှစ်နိုင်ခြင်းတို့ကြောင့် ရပ်ရွာအလိုက်သာ စာမေးပွဲ ဖြေဆိုရန် စီစဥ်သူများက ပြန်လည်ဆုံးဖြတ်ခဲ့ကြသည်။

အလားတူ မွန်ပြည်နယ်အတွင်းရှိ မွန်ကျောင်းများတွင်လည်း ယခုနှစ်တွင် မွန်စာပေသင်ယူသူ လျော့နည်းလာနေကြောင်း မွန်ပြည်နယ်အခြေစိုက် သတင်းဌာနများ၏ သတင်းဖော်ပြချက်များအရသိရသည် ။