BREAKING
May 12, 2025

ထိုင်းတွင် မြန်မာတစ်ဦးကို လူသတ်မှုဖြင့် ဝရမ်းထုတ်

May 12, 2025

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အသက် ၇၀ နှစ်အရွယ် ထိုင်းနိုင်ငံသားတစ်ဦးကို သတ်ပြီး ထွက်ပြေးနေသည်ဟုဆိုကာ မြန်မာနိုင်ငံသားတစ်ဦးကို ဆုငွေထုတ်၍ ဝရမ်းထုတ်ထားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

အသက် ၂၃ နှစ်အရွယ် ကိုစိုင်းဟန်ကို မေလ ၁၀ ရက်တွင် ထွန်ဘူရီတရားရုံးက လူသတ်မှုဖြင့် ဝရမ်းထုတ်ထားခြင်းဖြစ်သည်။

အခင်းဖြစ်သော မေလ ၁၀ ရက်က ကိုစိုင်းဟန်သည် ဘန်ခေးနယ်မြေရှိ ကိုယ်ဝန်သည်ဇနီးဖြစ်သူ နေထိုင်လုပ်ကိုင်နေသော ထိုင်းအလုပ်ရှင်အိမ်သို့ ရောက်ရှိလာပြီး ဇနီးဖြစ်သူနှင့် လာတွေ့ခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

ကိုစိုင်းဟန်သည် ဇနီးဖြစ်သူထံမှ ငွေတောင်းခံသည်ကို မရသဖြင့် သူမကို သတ်ဖြတ်မည်ဟု ရန်လိုခဲ့ကြောင်း ဇနီးဖြစ်သူက ရဲတပ်ဖွဲ့သို့ ထွက်ဆိုထားကြောင်း ဖော်ပြသည်။

ယင်းအချိန် ထိုင်းအလုပ်ရှင်က သူမကို အန္တရာယ်ပြုမည်စိုးသဖြင့် ကိုစိုင်းဟန်ကို အိမ်အပြင်နှင်ထုတ်ခဲ့ပြီး အထဲသို့ ပြန်မဝင်ရန် သေနတ်ပြ၍ ခြိမ်းခြောက်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

ထို့နောက် ကိုစိုင်းဟန်က အလုပ်ရှင်၏ သေနတ်ကို လုသဖြင့် အချင်းချင်း ရုန်းရင်းဆန်ခတ်ဖြစ်ကြရာမှ သေနတ်က ကျည်ထွက်သွားပြီး အလုပ်ရှင်မှာ ကျည်ထိမှန် သေဆုံးခဲ့ကြောင်း ဆိုသည်။

အခင်းဖြစ်ပွားပြီးနောက် ကိုစိုင်းဟန်သည် ထိုင်းအလုပ်ရှင်၏ ကားကို ယူကာ ထွက်ပြေးသွားခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

ကားဖြင့် ထွက်ပြေးစဉ် လမ်းရှိ မော်တော်ဆိုင်ကယ်များကိုလည်း ဝင်တိုက်ခဲ့ပြီး နံပါတ်ပြား ပြုတ်ကျကျန်ခဲ့သေးကြောင်း သတင်းတွင် ဖော်ပြသည်။

လက်ရှိတွင် ကိုစိုင်းဟန် တွေ့ရှိပါက သတင်းပေးပို့ရန် ဓာတ်ပုံနှင့်တကွ ဘန်ကောက်မြို့ ဖက်ကစင်ရဲတပ်ဖွဲ့က ဆိုရှယ်မီဒီယာများပေါ်တွင် ဖြန့်ဝေထားပြီး သတင်းပေးနိုင်သူကို ဆုငွေ ဘတ် ၂၀၀၀၀ ချီးမြှင့်မည်ဖြစ်ကြောင်း ဆိုသည်။

Ref: Khaosod English, matichon Online