ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရွာသင်္ကြန်ပွဲ လွမ်းရုံမှတစ်ပါး …

April 12, 2026

ပိတောက်ရနံ့သင်းပြီး ပျော်ရွှင်မြူးကြွရတဲ့ အတာသင်္ကြန်ဟာ အခုတော့ စစ်ရနံ့ပဲသင်းနေလို့ မပျော်နိုင်ခဲ့တာ ကြာလှပါပြီ။

စစ်ယူနီဖောင်းကိုချွတ်၊ တိုက်ပုံ ခေါင်းပေါင်းလဲပြီး အသွင်ပြောင်းရုံ ပြောင်းထားတဲ့ စစ်ခေါင်းဆောင်ဟာ သမ္မတရာထူး ရယူပြီး သူတို့ ထိန်းချုပ်ဒေသတွေမှာ အခုနှစ်မှာ သင်္ကြန်ကို အရမ်းစည်ကားအောင်လုပ်ပြီး အောင်ပွဲခံဖို့၊ တည်ငြိမ်အေးချမ်းပြီလို့ နိုင်ငံတကာကို မျက်လှည့်ပြဖို့ ကြိုးပမ်းနေပါတယ်။

မြို့ပြရဲ့ အခြားတစ်ဖက်ခြမ်းဖြစ်တဲ့ ကျေးလက်ဒေသတွေမှာတော့ တိုက်ပွဲတွေ၊ လေယာဉ်နဲ့ ဗုံးကြဲမှုတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ၊ စစ်ကြောင်းထိုး ဖမ်းဆီးသတ်ဖြတ် မီးရှို့မှုတွေကြား အရပ်သားပြည်သူတွေဟာ ပျော်ဖို့နေနေသာ သင်္ကြန်ကို စိတ်အေးအေးပင် ဖြတ်သန်းနိုင်ဖွယ်မရှိ။

FE5 Tanintharyi သုတေသနအဖွဲ့ရဲ့ အစီရင်ခံစာအရ တနင်္သာရီတိုင်းအတွင်းမှာ တိုက်ပွဲနဲ့ လေကြောင်း တိုက်ခိုက်မှု တွေကြောင့် အခုနှစ် မတ်လအထိ အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသူ စစ်ဘေးရှောင် ရှစ်သောင်းနီးပါးရှိနေတယ်လို့ သိရပါတယ်။

ဒီလို စစ်ဘေးဒဏ်ကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူတွေ၊ စစ်ပွဲနဲ့ ပဋိပက္ခဒေသက ပြည်သူလူထုအတွက်တော့ သင်္ကြန်ပွဲတော်ဆိုတာ လွမ်းဆွတ်ရုံသာ တတ်နိုင်တော့တဲ့ အခြေအနေဖြစ်နေပါတယ်။ မအေးချမ်းလှတဲ့ ကျေးလက်ဒေသက ပြည်သူတွေ အခုနှစ်သင်္ကြန်ကို ဘယ်လိုပုံစံနဲ့ ဖြတ်သန်းကြမလဲဆိုတာကို အခုတစ်ပတ် တနင်္သာရီအစီအစဉ်မှာ မေးမြန်း ဖော်ပြအပ်ပါတယ်။

“ကိုယ့်ရွာသင်္ကြန်တော့ ကိုယ်အောက်မေ့တာပေါ့”

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာမှ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦး။

(မောင်မယ်ရှောင်ရွာက ဒေသခံတွေဟာ ၂၀၂၄ ခုနှစ် ဧပြီလကနေ စတင်ပြီး စစ်ဘေးရှောင်နေရပါတယ်။ ကျေးရွာအနီးရှိ ထားဝယ်နည်းပညာတက္ကသိုလ်နဲ့ ဘုရားမဲစစ်ဆေးရေးဂိတ်တွေမှာ စစ်အာဏာရှင်တပ်သားတွေ တပ်စွဲနေထိုင်လို့ မကြာခဏ တိုက်ပွဲတွေ ဖြစ်လေ့ရှိပါတယ်။ အခုနှစ် ဖေဖော်ဝါရီလဆန်းမှာ မောင်မယ်ရှောင်ရွာဝန်းကျင်မှာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်အာဏာရှင်တပ်က လေယာဉ်နဲ့ ဗုံးကြဲခဲ့ပါတယ်။)

DW ။ သင်္ကြန်ရောက်ခါနီး ရွာအခြေအနေဘယ်လိုရှိလဲ။

ဖြေ ။ ရွာထဲကတော့ ပြန်တော့ မပြန်ကြသေးဘူး။ အဲဒါကိုမှ သက်ကြီးပိုင်း အဘိုးတွေကတော့ ပြန်နေကြတယ်။ အရွယ်ငယ်ငယ် (လူငယ်) တွေကတော့ မနေရဲကြသေးဘူး။ ရွာက အေး (ချမ်း) နေတာတော့ နှစ်လလောက်တော့ရှိပြီ။ နေ့ဘက် ဝင်နေကြတယ်။ ညဘက် မအိပ်ရဲကြသေးဘူး။ ဝင်စမ်းနေကြတယ်။

DW ။ အခုလာမယ့် သင်္ကြန်မှာဘာလုပ်ဖို့ရှိလဲ။

ဖြေ ။ အစ်မတို့ အိမ်ပတ်ဝန်းကျင်တွေကတော့ သင်္ကြန်ကာလထဲ ရွာမှာ ဝင်နေမယ်ဆိုပြီးတော့ စဥ်းစားထားကြတယ်။ အဲဒါ ဘယ်လိုအခြေအနေ ဘယ်လိုလာမလဲတော့ မသိသေးဘူး။ အခုလို အခြေအနေအေးရင်တော့ ဝင်နေမယ်လေ။ အိမ်နီးနားချင်းတွေ ဝိုင်းတိုင်ပင်ထားကြတယ်။ ဘာအလုပ်မှလည်းတော့ မရှိဘူး။ ရွာဘုန်းကြီးကျောင်းကို ဥပုသ်စောင့် သွားမယ်။ ရေးဇီမှန်း (သင်္ကြန်ထမင်း) လေး ဘာလေးချက်ပေါ့။ ဒီလိုပဲပေါ့။ ကိုယ့်ရွာဘုန်းကြီးကျောင်းတွေကို သင်္ကြန်မုန့်တွေ လှူမယ်။ နှစ်တိုင်း လုပ်နေသလိုပါပဲ။

DW ။ ဟိုအရင်က မောင်မယ်ရှောင်ရွာ သင်္ကြန်အခြေအနေလေး ပြန်ပြောပြပါလား။

ဖြေ ။ ဒီလိုတွေ (ကိုဗစ်နဲ့ စစ်အာဏာသိမ်းကာလ) မဖြစ်ခင်တုန်းက မောင်မယ်ရှောင်ရွာ သင်္ကြန်ကတော့ နှစ်ဆန်းတစ်ရက်မှာ အကြီးအကျယ်စည်တယ်။ ကျန်တဲ့ သင်္ကြန်ရက်တွေကတော့ သူများရွာတွေလိုပဲ ကလေးတွေ ရေကစားကြတယ်။ လူကြီးတွေက သိပ်မကစားဘူး။ နှစ်ဆန်းတစ်ရက် ရောက်ရင်တော့ ရှင်ဓာတ်ဝဲဘုရားလမ်းဆုံ မုခ်ဦး အနားမှာ ဖျော်ဖြေရေး မဏ္ဍပ်ရှိတယ်။ ရွာအဝင်ကနေစပြီး မဏ္ဍပ်တွေရှိတယ်။ ရွာက အပျိုလူပျိုတွေအပြင် တခြားရွာကလူတွေလည်း အကြီးအကျယ် လာကြတယ်။ ထားဝယ်မြို့ပေါ်တွေကလည်း ရေလာကစားကြတယ်။ ရှင်ဓာတ်ဝဲ ဘုရားလမ်းထဲက မဏ္ဍပ်တွေမှာ တစ်ယောက်နဲ့ တစ်ယောက် လွဲမရအောင်အထိ စည်တယ်။ အခြားနေရာက စျေးသည်တွေဆို စျေးလာရောင်းစားကြတယ်။ နှစ်ဆန်းတစ်ရက်က မောင်မယ်ရှောင်သင်္ကြန်ရဲ့ အမှတ်အသားလို့တောင် ပြောလို့ရတယ်။

DW ။ ဒီလိုအငွေ့အသက်တွေ ပျောက်သွားတာ ဘယ်လောက်ကြာပြီလဲ။

ဖြေ ။ အခုဆို ပျောက်သွားတာက ကိုဗစ်ကတည်းက ပျောက်သွားတယ်။ ၆နှစ်လောက် ရှိပြီ။ ဒီကြားထဲမှာက ကလေးတွေ ရေကစားတာလောက်ပဲ ရှိတော့တယ်။

DW ။ ရွာကိုစွန့်ပြီး စစ်ဘေးရှောင်နေရတာ ဘယ်လောက်ကြာပြီလဲ။

ဖြေ ။ အခုသင်္ကြန်နဲ့ဆို သုံးသင်္ကြန်ရှိပြီ။ မိုးသုံးမိုး (၃နှစ်) ဖြစ်ပြီပေါ့။ ကျန်တဲ့လူတွေဆို ရွာကအထွက် (တိမ်းရှောင်တာ) စောတယ်။ အစ်မတို့က နောက်ဆုံးမှထွက်တာ။ အရမ်း အခြေအနေဆိုးပြီး မထွက်လာဘဲ မရတော့မှ ထွက်လာတယ်။

DW ။ သင်္ကြန်နဲ့ပတ်သက်ပြီးတော့ ဘယ်လိုခံစားရလဲ။

ဖြေ ။ အောက်မေ့တာပေါ့။ ကိုယ့်ရွာကိုယ် သတိရတယ်။ အရင်လို ပျော်ပျော်ရွှင်ရွှင်တော့ မရှိတော့ဘူးပေါ့။ ပုံမှန် အတိုင်းသွားလာနေတာလောက်ပဲရှိတယ်။ ကိုယ့်ရွာသင်္ကြန်တော့ ကိုယ်အောက်မေ့တာပေါ့။

DW ။ ကိုယ့်ရွာကလည်း မြို့နဲ့နီးတယ်။ အခုနှစ်မှာ မြို့ပေါ်ကလည်း သင်္ကြန်စည်မယ်လို့သိရတော့ ဘယ်လိုခံစားရလဲ။

ဖြေ ။ ကိုယ့်ရွာမှာ မစည်ရတော့ဘူးဆိုတော့ စိတ်မကောင်းဘူးပေါ့။ မြို့ပေါ်ကတော့ ကိုယ်တွေလည်း တက်ဖို့ အစီအစဥ် လည်းမရှိဘူးလေ။ ပြောမတတ်တော့ဘူးအေ။

DW ။ သင်္ကြန်နဲ့ပတ်သက်ပြီး ဘာပြောချင်သေးလဲ။

ဖြေ ။ မြန်မြန်ငြိမ်းချမ်းချင်တယ် တို့နိုင်ငံကြီး။ တို့ရွာကိုလည်း အမြန်ဆုံး ပြန်ချင်တယ်။ သူများရွာတွေမှာ တစ်ခုခုဖြစ်ပြီးရင် ပြန်နေလို့ရကြသေးတယ်။ တို့ရွာက လုံးဝပြန်နေမရတော့ဘူးဆိုတော့ ကိုယ့်ရွာကိုယ် မနက်ဖြန် ပြန်ရမယ်ဆိုရင်တောင် မနက်ဖြန်ပြန်ချင်တယ်။ ဆုမွန်ကောင်းကတော့ အမြန်ဆုံးနည်းနဲ့ ရွာကို ပြန်ချင်တယ်။

DW ။ ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

“(သင်္ကြန်ထွက်မလည်တာ) စက်သုံးဆီကြောင့်လည်းပါတယ်။ တိုက်ပွဲတွေဖြစ်နေတာနဲ့ နယ်မြေ မအေးချမ်းဖြစ်နေတာတွေနဲ့ ဆိုတော့…”

သရက်ချောင်းမြို့နယ်၊ ဥတ္တူကျေးရွာက လူငယ်အမျိုးသမီးတစ်ဦး

(ဥတ္တူကျေးရွာဟာ မြိတ်-ထားဝယ်ကားလမ်းနဲ့ ၂မိုင်လောက် ဝေးကွားပြီး စစ်အာဏာရှင်တပ်က မကြာခဏ စစ်ကြောင်းထိုးဝင်ရောက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ နေအိမ်မီးရှို့ဖျက်ဆီးတာတွေ ကြုံရလေ့ရှိတဲ့ ကျေးရွာ ဖြစ်ပါတယ်။ စစ်ကြောင်းလာရင် ဒေသခံတွေ တိမ်းရှောင်ရလေ့ရှိပါတယ်။)

DW ။ ဒီနှစ်သင်္ကြန်ကာလကို ဘယ်လိုဖြတ်သန်းဖို့ အစီအစဉ်ရှိထားလဲ။

ဖြေ ။ ဒီနှစ်သင်္ကြန် အိမ်ရှေ့မှာပဲ ရေပက်မှာပေါ့။

DW ။ အရင်နှစ်က ဘယ်လိုဖြတ်သန်းခဲ့သလဲ။ ရေပက်ခံထွက်ဖြစ်လား။

ဖြေ ။ အင်း… အရင်တုန်းကတော့ ရေပက်ခံထွက်တယ်။ ဆိုင်ကယ်နဲ့ လိုက်ကစားတယ်လေ။ မြို့ပေါ်ကိုတော့ မရောက်ဘူး။ ဥတ္တူကနေပြီးတော့ ညောင်ဇင်ရွာတွေကို ရောက်တယ်။ စုံစင်ရွာတွေဘက်အထိ ရောက်တယ်။ မနှစ်တုန်းကပေါ့။ ဟုတ်တယ် ဆိုင်ကယ်နဲ့ အုပ်စုလိုက်သွားကြတယ်။

DW ။ ဘာလို့ အခုနှစ် အပြင်ထွက်မလည်ဖို့ ဆုံးဖြတ်လိုက်တာလဲ။

ဖြေ ။ စက်သုံးဆီတွေဘာတွေ ရှားတယ်မဟုတ်လား။ အဲဒီလိုဆိုတော့ အဝေးကြီးအလံကြီး သွားလို့ဖြစ်မှာ မဟုတ်ဘူး။

DW ။ ကျေးလက်ဒေသတွေမှာ တိုက်ပွဲတွေ ရှိနေတယ်။ စစ်အာဏာရှင်တပ်က လေယာဉ်နဲ့ ဗုံးကြဲတာတွေ ဆက်တိုက် ရှိနေလို့ ပြည်သူတွေက မလုံခြုံကြဘူး။ အာဏာသိမ်း စစ်အစိုးရထိန်းချုပ်ထားတဲ့ မြို့ပေါ်တွေမှာတော့ သင်္ကြန်ကို မဏ္ဍပ်တွေ၊ စတိတ်ရှိုးတွေနဲ့ စည်ကားသိုက်မြိုက်စွာ လုပ်ဖို့ ပြင်နေတယ်။ ဒီအပေါ် ဘယ်လိုရှုမြင်လဲ။

ဖြေ ။ မြို့ပေါ်မှာကတော့ ပြောလို့မရဘူး။ လုပ်နေကျပုံစံအတိုင်းပဲ။ အစကတည်းကလည်း လုပ်နေကြတာပဲ။ စိတ်ထဲမှာတော့ သူတို့ကို သိပ်ပြီးအာရုံမလာဘူး။ နယ်ဘက်ခြမ်းကတွေက ဒီဘက်ခြမ်းက လူတွေကိုပဲ ထည့်သွင်း စဉ်းစားပေးတာများတယ်လေ။ အဲဒီလို (စစ်အစိုးရဘက်က) လုပ်နေတာ မတရားဘူးလို့မြင်တယ်ပေါ့နော်၊ ဒီဘက်ခြမ်းမှာက အဲဒီလိုတွေဖြစ်နေတယ်။ သူတို့ကိုက ပြောမရဘူးလေနော်။ (စစ်အစိုးရ) သူတို့ဘက်ကတော့ စည်ကားအောင်လုပ်နေတာပဲပေါ့။

DW ။ ဒီလိုဆို မြို့ပေါ်က မဏ္ဍပ်တွေကိုရော အလည်သွားဖြစ်မလား။ မြို့ပေါ်က မဏ္ဍပ်တွေမှာ ပျော်ကြမယ့်သူတွေကိုရော ဘာပြောချင်သလဲ။

ဖြေ ။ ကျွန်မတို့ မလည်ဘူး။ တစ်ခါမှလည်း မသွားဖြစ်ဘူး။ ရှိုးပွဲတွေလည်း တစ်ခါမှ မသွားဘူး။ သွားဖို့လည်း စိတ်မရှိဘူး။ ခေတ်မကောင်းတဲ့အချိန်မှာ အဲဒီလိုသွားဖို့ကို စိတ်မရှိဘူး။ ဒီဘက်ကလူတွေအတွက် လိုက်တွေးပေးတယ်။

DW ။ အခုစက်သုံးဆီအခက်အခဲကရော ဘယ်လိုရှိလဲ။ နယ်ဘက်မှာ အရမ်းခက်ခဲလား။

ဖြေ ။ ဝယ်ရတာလည်း ခက်ခဲတယ်။ ဈေးလည်း ကြီးတယ်။ ပြီးတော့ သွားတန်းစီမယ်ဆိုရင်လည်း ကျွန်မတို့ရွာကနေ မြို့ပေါ်ကိုဆို မနည်းသွားရတယ်လေ။ မြို့ပေါ်တက်တာတောင် (ဆီ) တစ်ဘူးနှစ်ဘူးကုန်တယ်လေ။ တန်းစီရတာလည်း အဆင်မပြေဘူး။ အသွားနဲ့ အပြန်နဲ့ဆို မနည်းကုန်တယ်။ ကျွန်မတို့ နယ်ဘက်မှာ တစ်ဂါလံကိုလည်း ငါးသောင်း ခြောက်သောင်း ပေးရတယ်လေ။ အဲဒီလိုသွားဖို့ဆို မနည်းစဉ်းစားနေရတယ်။

DW ။ ဒါဆို အခုနှစ်သင်္ကြန်မှာ ရေပက်ခံမထွက်ဖြစ်တာ စက်သုံးဆီကြောင့်လည်းပါတာပေါ့။

ဖြေ ။ ဟုတ်တယ်။ စက်သုံးဆီကြောင့်လည်း ပါတယ်။ မနှစ်ကထက် ဒီနှစ်က နိုင်ငံရေးကလည်း ပိုဆိုးတယ်လေ။ တိုက်ပွဲတွေ ဖြစ်နေတာနဲ့ နယ်မြေ မအေးချမ်းဖြစ်နေတာတွေနဲ့ဆိုတော့ အဲဒါတွေလည်းပါတာပေါ့။

DW ။ ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

“မပျော်ရတာ အတော်ကြာသွားပြီ။ လူငယ်တွေကလည်း မပျော်ရမပါးရဘဲနဲ့”

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ ဇာဒီကျေးရွာအုပ်စုမှ အသက် ၃၀ကျော်အရွယ် အမျိုးသမီးတစ်ဦး။

(၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ ကံပေါက်ရေကန်တောင်တိုက်ပွဲဖြစ်ပွားချိန်ကနေ အခုအချိန်အထိ ဇာဒီရွာက ဒေသခံတွေ ရွာလုံးကျွတ် စစ်ဘေးရှောင်နေရပါတယ်။ စစ်အာဏာရှင်တပ်က ဖြတ်ထားတဲ့ လျှပ်စစ်မီးနဲ့ အင်တာနက်လိုင်းတွေကို အခုနှစ် မတ်လနှောင်းပိုင်းမှာ ပြန်တပ်ဆင်ပေးမယ်ဆိုပြီး ရွာသားတွေကို ပြန်လည်ခေါ်ယူနေပါတယ်။ ဒါပေမဲ့ တိုက်ပွဲတွေ ထပ်ဖြစ်မှာကို စိုးရိမ်ပြီး ရွာသားတွေ မပြန်ရဲကြသေးပေ။)

DW ။ သင်္ကြန်ကာလရောက်ခါနီး ဒေသအခြေအနေလေး ပြောပြပေးပါ။

ဖြေ ။ အခုလောလောဆယ် အခြေအနေကတော့ ထူးထူးခြားခြားတော့ မရှိဘူး။ ဇာဒီမှာတော့ သူတို့ (စစ်အာဏာရှင်တပ်) တွေ လူ (ရွာသားတွေ) ပြန်နေကြဖို့ ခေါ်နေတယ်။ မနေ့က (ဧပြီ ၆) ဖုန်းလိုင်းခဏပြန်ရတယ်။ ဘယ်လိုလဲတော့ မသိသေးဘူး။ ပြောသံကြားတာက ရွာက ဆရာတော်တစ်ပါးက သွားပြောထားတာရှိတယ်။ ပဌာန်းပွဲလုပ်ဖို့ သူတို့ကို သွားခွင့်တောင်းထားတဲ့ သဘောမျိုးပေါ့။ လျှပ်စစ်မီးပြန်ပေးဖို့နဲ့ ဖုန်းလိုင်းတွေ ပြန်လုပ်ပေးနေတယ်တော့ ကြားရတယ်။

DW ။ ရွာမှာ တိုက်ပွဲတွေ မဖြစ်တာကြာပြီလား။ စစ်အာဏာရှင်တပ်က ပြန်ခေါ်နေတော့ ရွာသားတွေက ပြန်နေရဲကြလား။

ဖြေ ။ (တိုက်ပွဲ မဖြစ်တာ) သုံးလလောက်တော့ ရှိလိမ့်မယ်။ စစ်တပ်ကတော့ ဇာဒီရွာကိုတော့ လာနေတာပါပဲ။ နေရဲတဲ့ လူကတော့ ဝင်နေကြတာပဲ။ အချို့လူတွေကတော့ မနေရဲဘူး။ နေရဲတဲ့လူတွေက အစမ်းသဘောနဲ့ ဝင်နေကြတာပေါ့။

DW ။ အခုသင်္ကြန်အတွက်ကရော ဘာလုပ်ကြမယ်စိတ်ကူးထားလဲ။

ဖြေ ။ ထွေထွေထူးထူးတော့ ဘာမှမရှိဘူး။ သင်္ကြန်ထမင်း ချက်စားကြမယ့်သူတွေ လောက်ပဲ၊ ထူးထူးခြားခြား ဘာမှ စီစဉ်ထားတာတော့ မရှိဘူး။ သင်္ကြန်မဏ္ဍပ်တွေတော့ မရှိဘူး။ ကလေးတွေကတော့ ဒီနှစ်တော့ ရေပက်မယ်နော်ဆိုပြီး အပျိုလေးတွေ လူပျိုလေးတွေတော့ ပြောနေကြတာရှိတယ်။ ရေမကစားရတာကြာပြီ ဒီနှစ်တော့ ရေပက်မယ်ဆိုပြီးတော့ ပြောကြတယ်။ ပက်ဖြစ်ရဲ့လား မပက်ဖြစ်ဘူးလားတော့ မသိသေးဘူး။

DW ။ ဇာဒီအုပ်စုက စစ်ဘေးရှောင်နေရတာ ဘယ်လောက်ကြာပြီလဲ။

ဖြေ ။ ၂ နှစ် မပြည့်တပြည့်တော့ ရှိပြီ။

DW ။ အရင်က သင်္ကြန်ကာလတွေဆို ဇာဒီအုပ်စုက ဘာတွေလုပ်ခဲ့ကြလဲ ။

ဖြေ ။ သင်္ကြန်ဆိုရင် မဏ္ဍပ်တွေထိုးပြီး ရေပက်ခဲ့တာတွေတော့ရှိတယ်။ သူ့ရပ်ကွက်နဲ့သူ ဆောင်းဘောက်တွေနဲ့ ကကြတာတွေတော့ ရှိတာပေါ့။

DW ။ အဲဒီလို သင်္ကြန်အငွေ့အသက်တွေ မခံစားရတာ၊ သင်္ကြန်အသံတွေမကြားရတာ ဘယ်လောက်ကြာပြီလဲ။

ဖြေ ။ မကြားရတာကတော့ ကိုဗစ်ရော နိုင်ငံရေးရော အဲဒီကနေစပြီးပဲ မရှိတော့တာပဲ။ မပျော်ရတာ အတော်ကြာသွားပြီ လို့မျိုးပဲ။ လူငယ်တွေကလည်း မပျော်ရမပါးရဘဲနဲ့။ အစ်မတို့ရွာတွေလည်း အတူတူပဲပေါ့။

DW ။ သင်္ကြန်အတွက် ပစ္စည်းလေးတွေရော ရွာဘက်မှာရောင်းနေကြဝယ်နေကြသေးရဲ့လား ။

ဖြေ ။ ရှိတယ်။ ရောင်းနေကြတာပဲ။ အတာအိုးတွေ၊ ကလေးကစားစရာတွေပေါ့ ။

DW ။ ဇာဒီအုပ်စုထဲမှာရှိတဲ့ ကံပေါက်ဒေသထဲ နာမည်ကျော်တဲ့ ဖာချောင်းအင်းကမ်းခြေရဲ့ အရင်နှစ်တွေက သင်္ကြန်ထဲ အခြေအနေက ဘယ်လိုရှိလဲ။

ဖြေ ။ စည်တယ်။ ဘာလို့လဲဆိုတော့ အစ်မတို့ ဘက်က မသွားရင်တောင် ကံပေါက်ဘက်က ဆင်းကြတယ်။ အဲဒီဘက်ခြမ်း ကတော့ လုံးဝ ဘာမှမဖြစ်တာကိုး။ ပုံမှန်သွားလို့ ရနေတယ်လေ။ အလှူပွဲ ပျော်ပွဲ ပုံမှန်လုပ်လို့ရတယ်။ အစ်မတို့ ဘက်ခြမ်းမှာဆို ပြောရမယ်ဆို မင်္ဂလာဆောင်ဖို့ ကိစ္စတွေကိုမှ မဆောင်လိုက်ရတဲ့ သူတွေရှိတယ်။ တစ်ခုခုကြောင့် ပွဲပျက်သွားမှာတွေ၊ ပွဲလုပ်နေရင်းတန်းလန်းနဲ့ တစ်ခုခုဖြစ်မှာမျိုး အဲဒါတွေစိုးရိမ်ပြီး မလုပ်ဖြစ်ကြတာ။ တစ်ခါတလေဆို ကိုယ့်အချင်းချင်းပြောကြတယ်။ နိုင်ငံရေးက တို့ရွာတွေလောက်ပဲ ဖြစ်နေလားမသိဘူး။ သူများတွေမှာ ကြည့်လိုက်ရင် ပုံမှန်အတိုင်းပဲ၊ ပျော်ပွဲရွှင်ပွဲတွေနဲ့ သွားနေလာနေ အဆင်ပြေနေတာပဲ။ တို့ရွာတွေလောက်ပဲ ဖြစ်နေသလိုကို ခံစားရတယ်။ ဘာမှကို ပျော်ရွှင်မှုဆိုတာ မရှိဘူး။ အခု ပြီးခဲ့တဲ့ ကထိန်ရာသီ (တန်ဆောင်မုန်းလ) တစ်ရာသီလုံး ပြေးနေရတယ်။ လုံးဝ ရွာနဲ့ စည်စည်ကားကား မလုပ်ခဲ့ရဘူး။ စစ်ကြောင်းထိုးလို့ ပြေးရတယ်။ (စစ်ကြောင်း) လာနေပြန်ပြီဆိုလည်း ပြေးရတယ်။ အလှူတွေ စည်စည်ကားကားလုပ်ရတယ်ဆိုတာကို မရှိဘူး။ မင်္ဂလာဆောင်တွေက ဆောင်ချင်တယ်။ ဆောင်လိုက်တဲ့ အချိန် နေ့ကောင်းရက်သာ ရွေးပြီးတဲ့အခါ ဆောင်ကြပြီဆို တစ်ခုခုဖြစ်သွားမယ်လို့ ကြောက်ပြီးတော့ မဆောင်လိုက်ရသူတွေလည်း ရှိတယ်။

DW ။ အခုသင်္ကြန်ကာလအတွက်ရော စိုးရိမ်တာရှိလား။

ဖြေ ။ ပူ (စိုးရိမ်) တယ်။ အစ်မတို့က အမြဲတွေးပူနေတယ်ဆိုတော့ တွေးပူတယ်။ သင်္ကြန်ထဲမှာ တစ်ခုခုဖြစ်မလား။ အဲဒီလိုတွေတော့ တွေးမိတယ်။ တကယ်လို့ မဖြစ်ခဲ့ရင်လည်း ပျော်မယ်။ ဒီနှစ်တော့ ပျော်မယ်ဆိုတာက တအားပျော်တာ မဟုတ်ဘူး။ နည်းနည်းပါးပါး ရေပက်မယ်၊ နှစ်တိုင်းလည်း မပျော်ရသေးဘူးဆိုတော့။ အခုလည်း စစ်သင်္ဘော ရောက်နေတာပဲ။ သတင်းတွေက အမျိုးမျိုး။

DW ။ သင်္ကြန်နဲ့ပတ်သက်ပြီး ဘာပြောချင်သေးလဲ။

ဖြေ ။ စိတ်ဆန္ဒအတိုင်းကတော့ လူငယ်တွေက လူငယ်သဘာဝ ပျော်ချင်ပါးချင်တယ်။ အဲဒီလောက်လေးတော့ လွတ်လွတ် လပ်လပ် ပျော်ခွင့်ရှိတယ်ထင်တယ်။ သင်္ကြန်ဆုတောင်းကတော့ အေးအေးချမ်းချမ်း နေချင်တယ်။ အစ်မတို့ရွာဘက်မှာ ဇာဒီဆိုလည်း ရွာပျက်နေသလို အခြေအနေကို ရောက်သွားပြီလေ။ လုံးဝပျက်စီးသွားပြီ။ ရှေ့ဆက်ပြီး ထပ်မဖြစ်ချင်တော့ဘူး။

DW ။ ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

“သင်္ကြန် မရှိတာ အာဏာသိမ်းပြီးကတည်းကပါ။ တိုင်းပြည် ဒုက္ခရောက်နေချိန်မှာ မပျော်နိုင်ခဲ့တာကြာပြီ”

တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ရွာ ဥယျာဥ်ခြံထဲတွင် စစ်ဘေးရှောင်နေသူတစ်ဦး အသက် ၄၀အရွယ် အမျိုးသားတစ်ဦး။

DW ။ အခုလက်ရှိ စစ်အစိုးရက သင်္ကြန် ကျင်းပဖို့ ပြင်နေတဲ့အပေါ် ဘယ်လိုမြင်လဲ။

ဖြေ ။ သင်္ကြန် မရှိတာ အာဏာသိမ်းပြီးကတည်းကပါ။ တိုင်းပြည် ဒုက္ခရောက်နေချိန်မှာ မပျော်နိုင်ခဲ့တာကြာပြီ။ (အခု စစ်အစိုးရ သင်္ကြန်ကျင်းပဖို့ ပြင်နေတာက) ထောင်ချောက်တစ်ခုလို့ မြင်တယ်။ လူငယ်တွေသွားလာတဲ့အခါ စစ်မှုထမ်းဖမ်းဖို့။

DW ။ အခုလက်ရှိ နေတဲ့နေရာမှာရော သင်္ကြန်မဏ္ဍပ်တွေရှိလား။

ဖြေ ။ မရှိဘူး။ စကစကြောင့် စစ်ရှောင်နေရတာရယ်၊ လူစုလူဝေးလုပ်နေရင် လက်နက်ကြီးပစ်တယ်၊ ဒရုန်းနဲ့ ချတာတွေ လုပ်နေလို့။ တလောက အလှူပွဲလုပ်နေတာ ဇဝဲ ၅၅၆ (ဇဝဲရွာအခြေစိုက် စစ်အာဏာရှင်တပ်ရင်း) က လက်နက်ကြီး ပစ်လို့ အနီးအနားမှာ လာကျသေးတယ်။

DW ။ သင်္ကြန်ကိုရော မလွမ်းဘူးလား။

ဖြေ ။ တစ်ချိန်က ပြည်သူတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ သင်္ကြန်ပွဲ လုပ်နေတာတွေကို သတိရပြီး လွမ်းနေသလိုပဲ။

DW ။ မြို့တွေမှာရော စစ်အစိုးရက သင်္ကြန်ကိုဘယ်လိုလုပ်မယ်လို့ သိထားရလဲ။

ဖြေ ။ မြိတ်မြို့မာတော့ စကစ ပျော်ပျော်ပါးပါးလုပ်မယ်လို့တော့ သိထားတယ်။

DW ။ အခုလိုပြေးရရင်းနဲ့ အတူတူဖြစ်နေတဲ့ သူတွေရော ဘာပြောချင်လဲ။

ဖြေ ။ ဘဝမှာမမျှော်လင့်ဘဲ ဒီအခြေနေမှာ ဘယ်သောအခါမှ မမျှော်လင့်ပဲ ဆုံဆည်းရတဲ့ ဘဝတူတွေရှိနေပေးတဲ့သူတွေကို မေ့မရနိုင်တဲ့ အမှတ်တရတွေ အများကြီးရှိနေတယ်လို့ ပြောချင်တယ်။ အေးအတူပူအမျှပေါ့။