ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မွန်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ တစ်သောင်းကျော်ရှိ

March 12, 2026

ပုံစာ - မော်လမြိုင်မြို့တွင် မတ်လ ၁၁ ရက်က တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့် ကျောင်းသားများကို တွေ့ရစဉ်။ ဓာတ်ပုံ - ဒေသခံတစ်ဦး

မွန်ပြည်နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူတစ်သောင်း ကျော်ရှိပြီး ယမန်နှစ်နှင့် နှိုင်းယှဉ်လျှင် ဖြေဆိုသူ တစ်ထောင်ကျော် တိုးလာကြောင်း ပြည်နယ်ပညာရေးဌာနမှ၏ အချက်အလက်များအရ သိရသည်။

ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်မှ ၁၇ ရက်အထိ ဆက်တိုက်ကျင်းပသွားမည်ဖြစ်ကြောင်း စစ်အာဏာရှင် လက်အောက်ခံ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ပညာသင်နှစ်က တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက် ဖြေဆိုရန် စာရင်းသွင်းထားသည့် ကျောင်းသား၊ ကျောင်းသူ ကိုးထောင်ကျော်ရှိခဲ့ပြီး ယခုပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုရန် စာရင်းသွင်း ထားသူ တစ်သောင်းကျော် ရှိကြောင်း အထက်ပါဌာနထံမှ သိရသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုသူများအနက် မော်လမြိုင်မြို့နယ်တွင် ၂၉၇၄ ဦးဖြင့် အများဆုံးဖြစ်ပြီး ဒုတိယ အများဆုံးသည့် မုဒုံမြို့နယ်တွင် ဖြေဆိုသူ ၁၅၀၁ ဦးရှိသည်။

သံဖြူဇရပ်မြို့နယ်တွင် ဖြေဆိုသူ ၁၁၄၂ ဦးရှိပြီး တတိယ အများဆုံးဖြစ်သည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုသူအနည်းဆုံးမှာ ကျိုက်မရောမြို့နယ်ဖြစ်ပြီး ဖြေဆိုသူ သုံးရာကျော်သာ ရှိကြောင်း ပြည်နယ်ပညာရေးမှူးရုံး၏ စာရင်းများအရ သိရသည်။

စစ်ရေးပဋိပက္ခပြင်းထန်နေသည့် ရေး၊ ကျိုက်ထို၊ ဘီးလင်း၊ သထုံမြို့နယ်တို့တွင် ယမန်နှစ်ကနှင့် နှိုင်းယှဉ်လျှင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုသူ များလာသည်။

မတ်လ ၁၁ ရက်တွင် စတင်ကျင်းပနေသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် မွန်ပြည်နယ်တစ်ခုလုံးတွင် စာစစ်ဌာနပေါင်း ၃၀ ခု ရှိကြောင်း ပြည်နယ်ပညာရေးဌာနထံမှ သိရသည်။

“ဒီနှစ်က ဖြေဆိုတဲ့ ကျောင်းသားတွေ တိုးလာတာ တွေ့ရတယ်။ စာစစ်ဌာနလည်း သုံးခု တိုးလာတယ်။ ဒီနှစ်က စာစစ်ဌာန ၃၀ ဖြစ်သွားတယ်” ဟု အထက်တန်းပြဆရာမတစ်ဦးက ပြောသည်။

အာဏာမသိမ်းမီ နှစ်များက မွန်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူ သုံးသောင်းကျော်အထိ ရှိခဲ့သော်လည်း အာဏာသိမ်းပြီးနောက်တွင် တက္ကသိုလ်ဝင်တန်းစာမေပွဲဖြေဆိုသူ ထောင်ဂဏန်းသို့ လျော့ကျခဲ့သည်။

ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် နိုင်ငံတဝန်း စာစစ်ဌာနပေါင်း ၈၉၀ တွင် ဖြေဆိုသူ ၂၆၀၀၀၀ (နှစ်သိန်းခြောက်သောင်း) ကျော်ရှိသည်။