ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး စမွတ်ပရကန်ခရိုင်တွင် စားသောက်ဆိုင်ရှေ့၌ ထိုင်းနိုင်ငံသားနှင့် မြန်မာနိုင်ငံသားများကြား ခိုက်ရန်ဖြစ်မှုနှင့်ပက်သက်၍ ဆိုင်ပိုင်ရှင်က မြန်မာအလုပ်သမား ခြောက်ဦးကို အလုပ်ထုတ်လိုက်ကြောင်း ထိုင်းသတင်းဌာန များတွင် ဖော်ပြသည်။
ဇန်နဝါရီလ ၁၁ ရက် နေ့လယ်ပိုင်းက စမွတ်ပရကန်ခရိုင် ဘန်ဘိုဒေသ စားသောက်ဆိုင်ရှေ့တွင် ထိုင်းနိုင်ငံသား ပစ္စည်းပို့သမားများနှင့် မြန်မာနိုင်ငံသားများကြား ရန်ဖြစ်ခြင်းဖြစ်သည်။
လမ်းဆုံမီးပွိုင့်တွင် မြန်မာနိုင်ငံသား မောင်းလာသော ကားက လမ်းကြောင်းမှားပြီး ဝင်လာသဖြင့် ထိုင်းပစ္စည်းပို့သမားက ဟွန်းတီး၍ သတိပေးခဲ့ကြောင်း မျက်မြင်တွေ့ရှိသူက ပြောဆိုသည်ဟု သတင်းဌာနများတွင် ဖော်ပြသည်။
ယင်းအချိန် ကားမောင်းသူက လက်ခလယ်ထောင်၍ ရန်ပြန်တွေ့ခဲ့ရာ ထိုင်းပစ္စည်းပို့သမားက နောက်ကလိုက်၍ ကားရပ်ရန် ပြောဆိုသော်လည်း ကားက မောင်းထွက်သွားကြောင်း ဆိုသည်။
ထိုင်းပစ္စည်းပို့သမားကလည်း ကားနောက်သို့ ထပ်မလိုက်တော့ဘဲ ပစ္စည်းပို့ဆောင်ရန် ဆက်လက်ထွက်သွားခဲ့ကြောင်း ဖော်ပြသည်။
ညနေပိုင်းတွင် ထိုင်းပစ္စည်းပို့သမားက သူငယ်ချင်းဖြစ်သူနှစ်ဦးကိုခေါ်၍ မြန်မာနိုင်ငံသားများကို စကားပြောရန် စားသောက်ဆိုင်ရှေ့သို့ ပြန်လာခဲ့ကြောင်း ဆိုသည်။
ထိုင်းပစ္စည်းပို့သမားများ ဆိုင်ရှေ့ရောက်လာသောအခါ အချင်းများပြီး မြန်မာနိုင်ငံသားက တုတ်ချောင်းကို ကိုင်၍ ဆိုင်ထဲက ထွက်လာပြီး ရိုက်နှက်ခဲ့ကြောင်း ဖော်ပြသည်။
နောက်ထပ် မြန်မာအလုပ်သမားများလည်း ဆိုင်ထဲက ထွက်လာပြီး ထိုင်းနိုင်ငံသားများနှင့် ခိုက်ရန်ဖြစ်ကြသည်။
ခိုက်ရန်ဖြစ်မှုကြောင့် ထိုင်းပစ္စည်းပို့သမားသုံးဦး ဒဏ်ရာရရှိခဲ့ပြီး မော်တော်ဆိုင်ကယ်တစ်စီးလည်း ပျက်စီးခဲ့ကြောင်း ဆိုသည်။
ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိလာချိန်တွင် ဒဏ်ရာရသော ထိုင်းပစ္စည်းပို့သမားသုံးဦးကို ရှေးဦးကုသပေးခဲ့ကြကြောင်း ဖော်ပြသည်။
ရန်ဖြစ်မှုနှင့် ပတ်သက်၍ ယနေ့ ဇန်နဝါရီလ ၁၂ ရက် နံနက် ၁၀ နာရီခန့်တွင် ဘန်ဘိုခရိုင်မှူးနှင့် ရဲတပ်ဖွဲ့များက ခိုက်ရန် ဖြစ်ခဲ့သော စားသောက်ဆိုင်သို့ သွားရောက် စစ်ဆေးရာ ဆိုင်ပိတ်ထားသဖြင့် ဆိုင်ပိုင်ရှင်ကို သွားရောက် မေးမြန်းခဲ့သည်။
ဆိုင်ပိုင်ရှင်ကလည်း ခိုက်ရန်ဖြစ်မှုတွင် ပါဝင်သော မြန်မာအလုပ်သမား ခြောက်ဦးစလုံးကို အလုပ်ထုတ်ထားပြီဖြစ်ပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ စားသုံးသူများကို တောင်းပန်ကြောင်း ပြောဆိုထားသည်။
ခိုက်ရန်ဖြစ်မှုတွင် ပါဝင်သော မြန်မာအလုပ်သမားကလည်း ထိုင်းနိုင်ငံသားများကို တောင်းပန်ထားပြီး ထိုင်းပစ္စည်းပို့သမား ဘက်က စတင်ရန်ပြုလာသဖြင့် ပြန်လည်ရန်ပြုခဲ့ခြင်းသာဖြစ်ကြောင်း ထိုင်းအာဏာပိုင်များကို ဖြေကြားထားသည်။
ပျက်စီးမှုများနှင့် ပတ်သက်၍ လျော်ကြေးပေးမည်ဟု မြန်မာနိုင်ငံသားများဘက်က လက်ခံခဲ့ကြောင်း ဖော်ပြသည်။
ဆိုင်သည် အရက်နှင့် ဖျော်ရည်ရောင်းချသော ဆိုင်ဖြစ်ပြီး ဆိုင်ဖွင့်ထားသည်မှာ နှစ်လခန့်သာရှိသေးကာ အလုပ်သမားအများစုမှာ မြန်မာအလုပ်သမားများဖြစ်သည်။
လက်ရှိတွင် ဆိုင်ဖွင့်ထားသော လိုင်စင်နှင့် မြန်မာနိုင်ငံသားများ၏ အလုပ်လုပ်ခွင့်လက်မှတ်ကို စစ်ဆေးနေဆဲဖြစ်ပြီး ဆိုင်ကို ယာယီပိတ်ထားကာ ဆက်လက်စုံစမ်းသွားမည်ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။
Ref: CH 3 Plus, CH 7, Thairath







