ကမ္ဘောဒီးယားနိုင်ငံသို့ ခိုးဝင်မည့် မြန်မာနိုင်ငံသား ၁၆ ဦးကို ထိုင်း-ကမ္ဘောဒီးယားနယ်စပ် စကဲဝိုခရိုင်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ဇန်နဝါရီလ ၁၁ ရက်နေ့က စကဲဝိုခရိုင် အာရမ်ပရာထေ့ဒေသ ကြံတောထဲတွင် ကမ္ဘောဒီးယားဘက်သို့ တရားမဝင် နယ်စပ်ဖြတ်ကျော်ရန် ပုန်းခိုနေသော မြန်မာနိုင်ငံသားများကို ထိုင်းနယ်ခြားစောင့်တပ်များက ကင်းလှည့်ရင်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံသားများတွင် တရားဝင် နိုင်ငံကူးလက်မှတ်ကဲ့သို့ အထောက်အထားများကို မတွေ့ရကြောင်း၊ ၎င်းတို့သည် မန္တလေးမှတစ်ဆင့် ထိုင်းသို့ ဝင်ရောက်လာသူများဖြစ်ကြောင်း ဖြေကြားချက်ကို ဖော်ပြသည်။
ကမ္ဘောဒီးယားနိုင်ငံဘက်ခြမ်းတွင် လစာ ဘတ် ၁၇၀၀၀ ခန့်ဖြင့် သန့်ရှင်းရေးလုပ်ကိုင်ရန် အွန်လိုင်းမှတစ်ဆင့် သိရှိပြီး လာရောက်ကြခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံသားများက ဖြေကြားထားသည်။
အားလုံးသည် ခရီးစရိတ်အတွက် ပွဲစားကို ဘတ် ၁၂၀၀၀ ပေးချေပြီးဟုဆိုသည်။
မြန်မာနိုင်ငံသားများကို ခေါ်ဆောင်လာသည့် ပွဲစားကမူ လမ်းကြောင်းကျွမ်းကျင်မှုအရ လွတ်မြောက်သွားကြောင်း သိရသည်။
လက်ရှိတွင် ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများကို ဥပဒေအရ ဆက်လက်အရေးယူနိုင်ရန် ခလောနမ်စိုင်ရဲစခန်းသို့ ပို့ဆောင်ထားကြောင်း သတင်းတွင် ဖော်ပြသည်။
Ref: CH 7, NBT News, Khaosod







