BREAKING
June 3, 2025

တနင်္သာရီနယ်စပ် ဖက်ချ်ဘူရီခရိုင်တွင် ဖောင်စီးလာသော မြန်မာလုပ်သားငါးဦး ဖမ်းဆီးခံရ

January 12, 2024

တနင်္သာရီမြို့နယ်နှင့် ထိစပ်နေသော ထိုင်းနိုင်ငံ ဖက်ချ်ဘူရီခရိုင်ရှိ ချောင်းထဲတွင် ဖောင်စီးပြီး တရားမဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမား ငါးဦးကို ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ဇန်နဝါရီလ ၁၀ရက်က ဖက်ချ်ဘူရီခရိုင် အမျိုးသားဥယျာဉ်တစ်ခုတွင် အာဏာပိုင်များက ကွင်းဆင်းလေ့လာပြီး လှေစောင့်ဆိုင်းနေစဉ် ဖောင် ၂ စင်း လှော်ခတ်လာသည်ကို တွေ့ရှိခဲ့ကြကြောင်း ဖော်ပြထားသည်။

အာဏာပိုင်များက စစ်ဆေးရာ ဝါးလုံးများဖြင့် လုပ်ထားသော ဖောင်နှစ်စီးပေါ်တွင် ထမင်းအိုး၊ ဆိုလာပြားများနှင့် အဝတ်အစားများကို တွေ့ရှိခဲ့ကြရပြီး သေနတ်ကဲ့သို့ လက်နက်များကို မတွေ့ရှိရကြောင်း ဖော်ပြထားသည်။

ဖောင်ပေါ်က လူများကို စစ်ဆေးသောအခါ ကလေးငယ် နှစ်ဦးအပါအဝင် ၁၀ ဦး လိုက်ပါလာခဲ့ကြပြီး အားလုံးသည် ထိုင်းနိုင်ငံသားများဖြစ်ကြကြောင်း ကနဦး ဖြေကြားချက်ကို ဖော်ပြထားသည်။

ယင်းနောက် အာဏာပိုင်များက အမည်၊ ဓါတ်ပုံမှတ်တမ်းများ ရယူခဲ့သည်ဟုဆိုသည်။ 

ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ရွာလူကြီးက လိုက်လာ၍ စစ်ဆေးခဲ့ရာ လှေတစ်စီးပေါ်လိုက်ပါလာသည့် လူ ၁၀ဦးအနက် ငါးဦးမှာ မြန်မာနိုင်ငံမှ တရားမဝင် လာရောက်ကြသူများဖြစ်ကြောင်း ဖော်ပြထားသည်။

တိုက်ပွဲဖြစ်ပွားမှုများကြောင့် ရှောင်တိမ်းလာခဲ့ခြင်းဖြစ်သည်ဟု မြန်မာအလုပ်သမာ ငါးဦးက ထွက်ဆိုကြောင်းလည်း သတင်းတွင် ရေးသားထားသည်။ 

မြန်မာအလုပ်သမားများကို ဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်နိုင်ရန်အတွက် အုပ်ချုပ်ရေးမှူးရုံးသို့ ပို့ဆောင်ခဲ့ကြောင်း ဖော်ပြသည်။

၂၀၂၄ ခုနှစ် ပထမ ဆယ်ရက်အတွင်းတွင် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်မှုကြောင့် မြန်မာအလုပ်သမား ၁၇၇ ဦးထက်မနည်း ဖမ်းဆီးခံရပြီးကားတိုက်မှုကြောင့် ၈ ဦးဒဏ်ရာရကြောင်း Dawei Watch က အချက်အလည် စုစည်းထားချက် အရ သိရသည်။ 

Ref: Khaosod Online, Thai PBS, One News