ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်တွင် မြန်မာအမျိုးသားတစ်ဦးထံမှ ရွှေဆွဲကြိုး အလစ်သုတ်ခိုးယူသွားသည်ဆိုသော မြန်မာဇနီးမောင်နှံကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ဒီဇင်ဘာလ ၃ ရက်နေ့က ဘန်းလမုဒေသတွင် အခန်းငှားရန် မြန်မာဇနီးမောင်နှံက ဆိုင်ကယ်ဖြင့် လာကြည့်စဉ် အခန်းလိုက်ပြပေးသည့် ကိုမြင့်အောင်၏ ရွှေဆွဲကြိုးတစ်ကုံးကို ခိုးသွားခြင်းဖြစ်ကြောင်း သိရသည်။
၃ ဘတ်သားခန့် အလေးချိန်ရှိပြီး ပေါက်ဈေး ၁၆၇,၀၀၀ ဘတ် တန်ဖိုးရှိသည့် ရွှေဆွဲကြိုးခိုးခံရသော ကိုမြင့်အောင်က ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့ပြီးနောက် ရဲတပ်ဖွဲ့က CCTV မှတ်တမ်းများကတစ်ဆင့် မြန်မာဇနီးမောင်နှံနှစ်ဦးကို ခြေရာခံ လိုက်လံရှာဖွေခဲ့ခြင်းဖြစ်သည်။
ဒီဇင်ဘာလ ၁၀ ရက်တွင် ဘန်းလမုဒေသရှိ အခန်းတစ်ခုရှေ့ သံသယရှိသော ဆိုင်ကယ်ကို တွေ့ရသဖြင့် အခန်းထဲ ဝင်ရောက်စစ်ဆေးစဉ် အသက် ၂၇ နှစ်အရွယ် ကိုမောင်ဦးနှင့် အသက် ၃၀ အရွယ် မစုတို့နှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းတွင်ဖော်ပြသည်။
၎င်းတို့နှစ်ဦးသည် အလစ်သုတ်သွားသော ရွှေဆွဲကြိုးကို ဘတ် ၁၆၇,၀၀၀ ဖြင့် ရောင်းချခဲ့ပြီး လက်စွပ်၊ နားကပ်အပါအဝင် အခြားရွှေထည်များကို ဝယ်ယူထားသည်ကို တွေ့ရကြောင်း သတင်းတွင် ပါရှိသည်။
မြန်မာဇနီးမောင်နှံနှစ်ဦးသည် အလုပ်လက်မဲ့ဖြစ်နေပြီး ကလေး လေးဦးရှိနေသဖြင့် မိသားစုစားဝတ်နေရေးအတွက် ရွှေဆွဲကြိုးကို အလစ်သုတ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံခဲ့ဟုဆိုသည်။
၎င်းတို့နှစ်ဦးသည် အခန်းငှားပုံစံ ဟန်ဆောင်ခဲ့ပြီး ရွှေဆွဲကြိုးကို အလစ်သုတ်ခဲ့ကာ ပြန်လည်ရောင်းချ၍ အခြားရွှေထည်များကို အစားထိုးဝယ်ထားခဲ့ကြောင်းလည်း ဝန်ခံခဲ့သည်။
၎င်းတို့နှစ်ဦးကို ထပ်မံစစ်ဆေးရာ နေထိုင်ခွင့် ဗီဇာကုန်ဆုံးနေကြသည်ကို တွေ့ရကြောင်း သတင်းတွင်ဖော်ပြထားသည်။
လက်ရှိတွင် ဖမ်းဆီးခံရသော မြန်မာဇနီးမောင်နှံကို ဘန်းလမုရဲစခန်းတွင် တရားမဝင် နေထိုင်မှု၊ အလစ်သုတ်မှုဖြင့် အမှုဖွင့်အရေးယူထားသည်။
Ref: FM 91, Chon Buri News







