သတင်းတစ်ပုဒ်မှာပဲဖြစ်ဖြစ် ၀တ္ထုတစ်အုပ်မှာပဲဖြစ်ဖြစ် ဆောင်းပါး၊ ကဗျာ စာစု တစ်ခုခုမှာ ခေါင်းစီးဆိုတာကလည်း ထိပ်ဆုံးက အရေးအကြီးဆုံးတွေ ထဲကတစ်ခုဖြစ်ပါတယ်။
ခင်ဗျားတပ်လိုက်တဲ့ခေါင်းစီး။ ခင်ဗျားရွေးချယ်လိုက်တဲ့ခေါင်းစီးဟာ ခင်ဗျားရေးထားတဲ့စာကို ဘယ်လိုဦးဆောင်ဦးရွက်ပြုနိုင်သလဲ၊ ဘယ်လောက်ပုံဖော်နိုင်သလဲ။ တိုတိုရှင်းရှင်းနဲ့ စာဖတ်သူကိုဆွဲဆောင်နိုင်သလား။
ခေါင်းစီး ဆိုတိုင်း တိုရမယ်လို့ ပုံသေပြောတာတော့ မဟုတ်ပါဘူးဗျာ။
တိုတာ ရှည်တာ ကျစ်လစ်တာ ဖွဲ့နွဲ့တာထက် အဓိကအရေးကြီးတာက ခေါင်းစီးကို မြင်လိုက်တာနဲ့ ရေးထားတဲ့စာကို ဆက်မဖတ်ဘဲ မနေနိုင်အောင်ဖြစ်ရတဲ့ ခေါင်းစီးမျိုးကို ကျုပ်တော့ သိပ်ကိုနှစ်ခြိုက်တာပေါ့။ အားရတာပေါ့။ စွဲလန်း မှတ်မိနေမိတာပေါ့။
ကျုပ် နှစ်သက်အားရခဲ့တဲ့ ခေါင်းစီးတွေထဲက အချို့အကြောင်း ပြန်ပြောပြ ချင်တယ်။ သတင်းခေါင်းစီးတွေပါ။ ကျုပ် တပ်ခဲ့တဲ့ခေါင်းစီးတွေပါပဲ။ ကျုပ် တပ်ခဲ့လို့ ကျုပ်ကြိုက်တယ်ပဲဆိုဆိုဗျာ။ မညာနဲ့။ ခင်ဗျားလည်း ခင်ဗျား တပ်ခဲ့တဲ့ခေါင်းစီး ခင်ဗျားကြိုက်တာပဲမဟုတ်လား။ ကျုပ်အခုပြောမယ့်ခေါင်းစီး တွေကတော့ ကျုပ် တပ်ခဲ့လို့ ကျုပ်ကြိုက်တာတင်မဟုတ်ဘူး။ ရေးတဲ့သတင်းထောက်ကော၊ အယ်ဒီတာအဖွဲ့ကော ကြိုက်ခဲ့ကြတဲ့ ခေါင်းစီးတွေပါ။
စာဖတ်သူတွေလည်း သဘောကျကြတယ်ဆိုတဲ့ တုန့်ပြန်မှုလည်းရခဲ့ပါတယ်ဗျ။ အဲသည့်ခေတ်ကာလအခြေအနေအရ ကျုပ်တို့ သတင်းခေါင်းစီးတွေကို မကြိုက်သူတော့ရှိပါတယ်။
ဘယ်သူရှိမလဲဗျာ၊ မောင်စာပေ နဲ့ မ စိစစ်ရေးတို့ ပေါ့။ ထားပါတော့။ ဒါကရင်နာဖွယ် အမှတ်တရတစ်ခုပါ။
ကဲအခု ကျုပ်တို့ခေါင်းစီးတွေအကြောင်းဆက်ပြောပါမယ်။ အကြောင်းအရာ တွေကလည်း အစုံပါပဲ။ သတင်း ဆိုတော့လည်း ရေးလာတဲ့သတင်းရဲ့ အရေး ကြီးတာ အသုံးဝင်တာ အချက်အလက်ခိုင်မာမှု စတာတွေအပေါ် တပ်ရတဲ့ ခေါင်းစီး အမာ အပျော့၊ အတို အရှည် ကွာတာပေါ့။
“အသက်ငင်နေတဲ့မြစ်တစ်စင်း ဝိုင်းဝန်းကယ်တင်ပေးကြပါ”။ ဒီခေါင်းစီးက ပန်းလှိုင်မြစ်နဲ့ ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေး ရှုထောင့်ကရေးသားခဲ့တဲ့ သတင်း ဆောင်းပါးပါ။
“သည်အလုပ်လည်း အစမ်းခန့်ပဲလား“၊ “ဟို ကူး၊ သည်ခုန် အလုပ်နေရာစုံ” ဒီခေါင်းစီးတွေကတော့ ပထမတစ်ခုက အလုပ်ရှင်တချို့ရဲ့ ဝန်ထမ်းခန့်ထားမှုအကြောင်း။
ဒုတိယခေါင်းစီးက လူငယ်တွေ တစ်နေရာထဲ မှာ အလုပ်အကိုင်စွဲစွဲမြဲမြဲ မလုပ်ကြတဲ့အကြောင်းပါ။
အသားငါး ဆီတွေနဲ့ ချက်ပြုတ်ကျော်လှော်ရောင်းချကြတဲ့ ထမင်းဆိုင်အချို့အကြောင်း ကျန်းမာရေးရှုထောင့်၊ စီးပွားရေးရှုထောင့်၊ စျေးကွက်လိုအပ်ချက်ရှုထောင့်တွေကနေ ရေးသားတဲ့သတင်းကို “တချို့က ပြည့်ဝဆီ သုံးကြသည်“ အဲသလိုခေါင်းတပ်ခဲ့တယ်ဗျာ။
အခြေခံလူတန်းစားတွေ ရုန်းကန်ရှင်သန်နေထိုင်နေကြရတဲ့လူမှု ဘဝသရုပ်ဖော် သတင်းဆောင်းပါးတစ်ပုဒ်ကို”ကျောတခင်းစာ မောရင်းဖွေရှာ ရသူများ”ဆိုပြီး ခေါင်းစီးတပ်လိုက်တာပေါ့။ ရန်ကုန် ဆင်ခြေဖုံး ရပ်ကွက်အချို့ က တဲလေးတွေမှာ ညဘက်အိပ်ရုံ နေကြရသူတွေရဲ့အကြောင်းပါ။ ခေါင်းစဥ်ခွဲ လေးတွေလည်း မြင်သာအောင်တပ်ပေးရသေးတာကိုး။
ခနော် ခနဲ့ဝါးလုံး တံတားလေးတွေပေါ်ကနေ ဆာလာအိတ်နဲ့ကာထားတဲ့ အိမ်သာကို တယောက်ယောက် လျှောက်လာပြီဆိုတာနဲ့ အထဲမှာရှိနှင့်သူက ဆာလာအိတ် ချည်ထားတဲ့ကြိုးကို တင်းတင်းကိုင်ထားရတော့တာ။ အဲသည့်စာပိုဒ်အတွက် ခေါင်းစီးခွဲကို ”ဆာလာအိတ်ကို အရမ်းမလှပ်ပါနဲ့”လို့ တပ်ခဲ့ပါတယ်။
ကျန်းမာရေးနဲ့ဆိုင်တဲ့သတင်း ဟဒ်နယူးစ်တွေကိုလည်း စာဖတ်သူမျက်စိထဲထင်းကနဲ မြင်အောင်ခေါင်းစီးတပ်ရတာပေါ့။ အစားအစာ မသန့်ရှင်းလို့ ဝမ်းလျှောဝမ်းပျက်ဖြစ်ရတဲ့ အကြောင်းမှာ “ယင်ကောင်တွေ ဖင်ထောင်ကကာမှ သင်နောင်တမရသင့်ပါ”။
သဘာဝဘေးအန္တရာယ်သတင်းဆိုရင်လည်း မှတ်မှတ်ရရကြုံခဲ့တဲ့ မာလာမုန်တိုင်းအကြောင်းသတင်းမှာ”ချောင်းသာ ငွေဆောင်တကြော မာလာက ရောသမမွှေ” ဆိုတဲ့ခေါင်းစီး။ နာဂစ်မုန်တိုင်းတုန်းကတော့ ခေါင်းစီး တပ်တဲ့နေရာမှာ ကျုပ်ပညာရခဲ့တာပေါ့။ ကျုပ် တပ်ထားတဲ့ ခေါင်းကို ကျုပ်ရဲ့ ဆရာ့ ညီ(သူလည်း ကျုပ်လေးစားရသူတစ်ဦးပါ) က မကြိုက်ဘူးဗျ။ သူက သေချာရှင်းပြပါတယ်။ ကျုပ်က သင်ယူခဲ့တာပဲ။ သိကြတဲ့အတိုင်းပေါ့ဗျာ။
နာဂစ်ဆိုတာတော်တော်ဆိုးဆိုးရွားရွားထိခိုက်ပျက်စီးနေချိန်ကိုး။ အဲဒါကိုဗျာ ကျုပ် တပ်လိုက်တဲ့ခေါင်းစီးက “နာဂစ်မုန်တိုင်း ကဆုန်ဆိုင်းချ ရန်ကုန်မြို့ပြ မွမွကြေ” ။ ကျုပ်က ရစ်သမ် နရီတွေ ကာရန်နဘေတွေ သိပ်အားသန်လွန်းသကိုး။ နေရာတိုင်းမှာတော့ ဘယ်ကောင်းမလဲ။
အဲသည့်အချိန်ကထိခိုက်ခံစားနေရသူတွေရဲ့ စိတ်ပိုင်းဆိုင်ရာခံစားချက်တွေကို ငဲ့ကွက်ရမယ်ဆိုတာ ကျုပ် မစဥ်းစားတတ်ခဲ့တာပေါ့ဗျာ။ အဲဒါကို သူက ထောက်ပြရှင်းပြတယ်။ ခေါင်းစီးကို လည်းပြောင်းလိုက်တယ်ဗျ။ အဲသည့်ဖြစ်ရပ်ကနေ ကျုပ် သင်ခန်းစာရလိုက် တာရှိတယ်။
ဘာလဲဆိုတော့ကာ လူထုမှာ ဒုက္ခဝေဒနာတွေ ထိခိုက်နာကျင်ခံ စားနေရချိန် ကိုယ်ကြိုက်တဲ့ခေါင်းစဥ် အဆင်ပြေသလို ဆွဲ တပ်၊ မဖြစ်ဖြစ် အောင် ဒီခေါင်းစီးပဲ၊ ဒီအတိုင်းသွားရမယ် ဆိုတာမျိုးမလုပ်ရဘူးပေါ့။ ရှိတယ်လေ၊ ကိုယ်ကြိုက်ရာခေါင်းစဥ် ရအောင်ဆွဲ တပ်၊ အောက်က စာစုနဲ့အစေးကပ်၊ မကပ်လည်း ဂရုမစိုက် ငါ့ခေါင်း ငါပြောင်းကြတဲ့ ခေါင်း ဟောင်းလောင်းသမားတွေ။
ကျုပ်တို့တိုင်းပြည်မှာ ဆိုင်ရာပိုင်ရာ အာဏာရှိသူတွေနဲ့ အလွမ်းသင့်ကြတဲ့ လုပ်ငန်းရှင်၊ စီးပွားရေးသမားတွေဟာ စီးပွားခွင် လုပ်ကွက်တွေကိုကြိုတင်သိရှိပြီး တစ်နပ်စား ပေါ်ပင် အလုပ်ဖြစ်သွားကြလေ့ရှိတယ်။ ဌာနဆိုင်ရာ မူဝါဒတစ်ခုခု ပြောင်းတော့မယ်ဆိုရင် သူတို့တတွေကြိုတင်သိကြပြီး စီးပွားဖြစ်ကြတော့တာပဲ။
မော်တော်ယာဥ်တင်သွင်းခွင့်ဆိုင်ရာ မူဝါဒအပြောင်းအလဲလုပ်ကာနီး အချိန်လေးမှာ ကြိုတင်သိရှိတဲ့ ပေါင်းစားသမားအချို့က ကားစျေးကွက်ကို ကမောက်ကမဖြစ်အောင်လုပ်ခဲ့ကြပြီး စီးပွားဖြစ်ခဲ့ကြတယ်။ အဲသည့်သတင်းကို ကျုပ်က ဒီလိုခေါင်း တပ်ပေးခဲ့ပါတယ်။
“မြှောက်စား ခြောက်စား အောက်ကား”။ အဲသည့်သတင်းက ရုတ်တရက်ကြီး အောက်ကားတွေကို စျေးပိုပေးပြီး လိုက်ဝယ်ကြတဲ့အကြောင်းပါ။ နောက်မှ မူဝါဒအသစ်ထွက်လာတော့ ရောင်းလိုက်မိသူတွေ မချိတင်ကဲ ဖြစ်ကြရတယ်။
နိုင်ငံရေးနဲ့ပတ်သက်တဲ့ သတင်းခေါင်းစီးတစ်ခုလည်း ကျုပ် အခုထိမှတ်မိအားရကျေနပ်နေမိပါရဲ့။ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတုန်းကပေါ့။ ”သမ္မတတစ်ဦး ခန့်အပ်ရန်အလိုရှိသည်”။ အဲဒီ ခေါင်းစီးပါ။ သမ္မတဆိုတာ လူထုကရွေးချယ်ရတာ၊ လူထုကခန့်အပ်ရတာဆို တာကိုမီးမောင်းထိုးပြနိုင်ခဲ့ပါတယ်။
အဲသည့်ကာလမှာတကယ်လည်း လူထု ရွေးချယ်တဲ့ကိုယ်စားလှယ်တွေက လူထုအတွက်သမ္မတကို ခန့်အပ်နိုင်ခဲ့ကြပါတယ်။ တကယ်တော့ သမ္မတဆိုတာလည်း ခေါင်းစီးတစ်ခုပဲမဟုတ်လားဗျ။ တိုင်းပြည်ကို ခေါင်းဆောင် ဦးစီးနိုင်သူ၊ တိုင်းသူပြည်သား အကျိုးစီးပွားကိုပဲ ရှေးရှုလုပ်ဆောင်သူဖြစ်ပါတယ်။ အဲသည်လိုခေါင်းစီးသမ္မတရဲ့ အောက်မှာတောက်ပကြည်လင်တဲ့ အနာဂတ်တိုင်းပြည်ရှိတယ်။ မြင်ရတယ်။ ခံစားလို့ရပါ တယ်။
ဒါတွေကတော့ ကျုပ် နှစ်ခြိုက်အားရခဲ့တဲ့ ကျုပ် တပ်ပေးခဲ့တဲ့ ခေါင်းစီးများစွာထဲက မှတ်မိသလောက်တချို့တလေကိုပြန်ပြောပြတာပါ။ ကျုပ်တို့ခေတ် ကခေတ်ပြိုင် သတင်းဂျာနယ်အချို့ရဲ့ ခေါင်းစီးတွေလည်း သဘောကျခဲ့ရတာ ရှိပါတယ်။
ကျုပ် အပေါ်မှာပြောခဲ့သလို ခေါင်းစီးဆိုတာ တိုရမယ်၊ ရှင်းရမယ် လို့ ပုံသေမသတ်မှတ်ပါဘူး။ လိုတိုရှင်းပြီး ခန့်ညားတဲ့ ခေါင်းစီးတွေရှိသလို သွယ်ဝိုက်ဖွဲ့နွဲ့တဲ့ နူးညံ့လှပတဲ့ခေါင်းစီးတွေလည်းရှိတာပါပဲ။
အရေးကြီးတာက သူ့အောက်က စာစုကို ဘယ်လိုအထောက်အမ ပြုနိုင်သလဲ၊ ဘယ်လောက် ဆွဲဆောင်နိုင်သလဲဆိုတာ ခေါင်းစီးတစ်ခုရဲ့ အရည်အသွေးပါ။ သတင်းစာပညာ မှာခေါင်းစီးရေးပုံကိုတော့ ပစ္စုပ္ပန်ကာလ(present tense) ကိုသာ ဦးစားပေး သုံးနှုန်းရေးသားဖို့ လေ့လာမှတ်သားဖူးပါတယ်။ ဒါလည်းပုံသေကားချပ်ရယ် လို့တော့ မစွဲမှတ်ပါဘူး။
အဲသည့်ဘောင်ထဲကဖောက်ထွက်ပြီး လှပထိမိတဲ့ သတင်းခေါင်းစီးတွေ တွေ့ဖူးလို့ပါ။ ဘယ်လိုပဲဖြစ်ဖြစ် သတင်းခေါင်းစီးတွေ ရေးခဲ့၊ တပ်ခဲ့ရတဲ့ ကျုပ်ကတော့ ခေါင်းစီးတစ်ခုဟာ ပစ္စုပန်ကာလကို သုံးနှုန်း ရေးသားတာကိုလည်း သဘောကျမိတာပါပဲ။ ကျုပ်တို့လူထုရဲ့ အခုအချိန်ကာလက ခေါင်းစီးကောင်း လိုအပ်နေချိန်မဟုတ်လား။
တကယ်တော့ ခေါင်းစီး ကောင်းက ရှိပြီးသား။ ပြည်သူလူထုက အဲသည့်ခေါင်းစီးကို တပ်ခဲ့ကြပြီးသားပါ။ ခေါင်းစဥ်ကောင်းနေရင် ဘာအကြောင်းနဲ့မှပြင်လို့မရပါဘူး။ ပြင်ခွင့်မရှိဘူး။ ပြည်သူက အရေးတကြီး ရွေးချယ်ခဲ့ကြတဲ့ ကောင်းပြီးသား ခေါင်းစီးတစ်ခု သူ့နေရာသူ မကြာခင်သေချာပေါက် ပြန်လည်ရောက်ရှိလာမှာပါ။
ကိုအားပို