ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသတွင် ဈေးပွဲတော်မှပြန်လာသော မြန်မာမိန်းကလေးငယ်တစ်ဦးကို အမည်မသိ အမျိုးသားနှစ်ဦးက ဓါးဖြင့် အကြိမ်များစွာခုတ်၍ ပစ္စည်းများ လုယက်ခဲ့ကြောင်း AAC – မဟာမိတ်အဖွဲ့ထံမှ သိရသည်။
ယမန်နေ့ စက်တင်ဘာလ ၁၀ ရက် ည(သန်းခေါင်ကျော်) ၃ နာရီအချိန်ခန့်တွင် Big C အနီး နှစ်စဉ်ဈေးပွဲတော်မှ မြန်မာမိန်းကလေးက တစ်ဦးတည်းပြန်လာစဉ် လူရှင်းသောနေရာတွင် ဓါးခုတ် လုယက်ခံရခြင်းဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။
အမည်မသိ လူငယ်နှစ်ဦးက မြန်မာမိန်းကလေးထံမှ ဘေးလွယ်အိတ်ကို တောင်းယူစဉ်တွင် အလွယ်တကူမပေးသဖြင့် ဓါးထုတ်၍ ခြိမ်းခြောက်ခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။
နောက် မြန်မာလူငယ်အမျိုးသားတစ်ဦးက ဝင်ရောက်ကူညီပေးရာ လုယက်သူနှစ်ဦးက ခြေထောက်ဖြင့် ကန်ခဲ့ပြီး မြန်မာအမျိုးသားထံတွင် ပါလာသော လက်ကိုင်ဖုန်းကိုလည်း လုယက်ခဲ့ကြောင်း အဖွဲ့ထံမှသိရသည်။
လုယက်သူနှစ်ဦးက မြန်မာမိန်းကလေးကို ဓါးဖြင့် အကြိမ်များစွာ ခုတ်ခဲ့ပြီး ပါလာသော အိတ်ကိုလုယူ၍ ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း AAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။
“လူမိုက်တွေ လုတာပေါ့။ မိန်းကလေးဆီမှာပါလာတဲ့ ဖုန်းတွေ အိတ်တွေလုတာပေါ့။ မပေးတဲ့ အခါကျတော့ အဲလို ဓါးနဲ့ခုတ်တာပေါ့” ဟု အဖွဲ့တာဝန်ခံ ကိုနေလင်းသူက ဆိုသည်။
ညကဓါးခုတ်ခံရသော မြန်မာမိန်းကလေးငယ်ကို ဆေးရုံသို့ ချက်ချင်းပို့ဆောင်ပေးပြီးနောက် ဆေးကုသမှုခံယူပြီး ဆေးရုံမှ ဆင်းလာခဲ့ပြီဖြစ်ကြောင်း ၎င်းကဆိုသည်။
ဓါးဖြင့် ခြိမ်းခြောက်လုယက်ခံရမှုကြောင့် မြန်မာမိန်းကလေး၏ ဖုန်းနှစ်လုံး၊ နေထိုင်ခွင့် စာရွက်စာတမ်း၊ မြန်မာမှတ်ပုံတင်နှင့် ငွေသားတစ်ချို့လည်း ပါသွားခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။
လုယက်သူနှစ်ဦးမှာ ထိုင်းနိုင်ငံသားလား မြန်မာနိုင်ငံသားလားဟု သေသေချာချာ မသိရှိရသေးဘဲ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ပြီး လက်ရှိအချိန်တွင် အမှုဖွင့်ထားကြောင်း သိရှိရသည်။
AAC မဟာမိတ်အဖွဲ့က နယ်မြေခံရဲတပ်ဖွဲ့များကို လုံခြုံရေးပိုမိုယူပေးရန် အကူအညီတောင်းခံခဲ့ပြီး မြန်မာမိန်းကလေးများအနေဖြင့် တစ်ဦးတည်း ညဘက် အလည်မထွက်ကြရန်နှင့် သူငယ်ချင်း မိတ်ဆွေများနှင့်သာ အတူစုစည်းသွားကြရန် တိုက်တွန်းထားသည်။
Photo – AAC မဟာမိတ်အဖွဲ့