BREAKING
October 19, 2025

သိမ်ဇရပ်တွင် စစ်ရှောင်များအပါ လူအယောက် ၄၀ နီးပါးကို စစ်အာဏာရှင်တပ်ဖမ်းဆီး

August 11, 2025

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့တွင် စစ်ဘေးရှောင် အမျိုးသား ၁၅ ဦးအပါအဝင် ဒေသခံအမျိုးသား၊ အမျိုးသမီး ၄၀ နီးပါးကို စစ်အာဏာရှင်တပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

သိမ်ဇရပ်မြို့ရှိ လိုရာပြည့်လူမှုကူညီရေးအသင်းရုံးတွင် လာရောက်စစ်ဘေးရှောင်နေကြသည့် အမျိုးသား ၁၅ ဦးကို သြဂုတ်လ ၈ ရက် နံနက် ၁၀နာရီဝန်းကျင်က စစ်အာဏာရှင်တပ်ဖွဲ့ဝင်၊ ရဲတပ်ဖွဲ့ဝင် အင်အား ၂၀ ခန့်ရှိသည့်အဖွဲ့သည် ဝင်ရောက်ဖမ်းဆီးကြောင်း ဒေသခံများက ပြောသည်။

ဖမ်းဆီးခံရသည့် စစ်ဘေးရှောင် ၁၅ ဦးသည် အသက် ၁၈ နှစ်မှ ၄၀ နှစ်ဝန်းကျင်ရှိ အမျိုးသားများဖြစ်ပြီး စစ်ဆေးမေးမြန်းရန် ရှိသည်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

“စစ်ဆေးစရာ ရှိတယ်ဆိုပြီး ဖမ်းခေါ်သွားတာဖြစ်တယ်။ ယောင်္ကျားတွေချည်းပဲ ဖမ်းသွားတာ။ အခုအထိတော့ အဆက်အသွယ် မရဘူး။ (ခမရ) ၂၀၇ တပ်ရင်းမှာ ရှိနေတယ်လို့တော့ ကြားသိရတယ်။ အခြေအနေကတော့ ဘာမှ မသိရသေးဘူး။ အကုန်လုံးက စိတ်ပူနေကြတာပေါ့” ဟု ဖမ်းဆီးခံရသူနှင့် နီးစပ်သည့် သိမ်ဇရပ်မြို့ခံတစ်ဦးက ပြောဆိုသည်။

ယင်းအပြင် နေ့လယ်ပိုင်းတွင်လည်း သိမ်ဇရပ်မြို့ပေါ်က လမ်းသွားလမ်းလာ အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၂၀ ဦး ကျော်ကိုလည်း ဖမ်းဆီးပြီး ကားပေါ်တင်ကာ ခေါ်ဆောင်သွားသည်ကို တွေ့ရကြောင်း မြို့ခံများထံမှ သိရသည်။

ဖမ်းဆီးခံရသူများကို သိမ်ဇရပ်အခြေစိုက်အမှတ် (၂၀၇) ခြေမြန်တပ်ရင်းတွင် ထိန်းသိမ်းထားပြီး မိသားစုဝင်များနှင့်လည်း တွေ့ခွင့်မပြုကြောင်း ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းက သထုံမြို့နယ်၊ ပုတိမ်ရိုးကျေးရွာတွင် ပြည်သူ့စစ်နှစ်ဦး ပစ်သတ်ခံရပြီးနောက် လူငယ်များ အပါအဝင် အမျိုးသားအယောက် ၄၀ ကျော်ကို စစ်အာရှင်တပ်က ဖမ်းဆီးခဲ့သေးသည်။

“အဖမ်းခံရတဲ့လူတွေက မိသားစုဝင်တွေလိုက်ကြတော့ အချို့က စစ်မှုထမ်းသင်တန်း ရောက်သွားကြတာရှိတယ်။ အခြေအနေကတော့ တော်တော်ရှုပ်ထွေးလာတယ် ပြောလို့ရတယ်။ ဘုမသိ ဘမသိနေရင်း ထိုင်ရင်း အဖမ်းခံလိုက် ရပြီးတော့ စစ်မှုထမ်းထဲရောက်သွားနေကြတော့ လူတွေက စိုးရိမ်လာတာပေါ့” ဟု ကျိုက်ထိုဒေသခံတစ်ဦးက ပြောသည်။

ကျိုက်ထို၊ သထုံ၊ ဘီးလင်းမြို့နယ်အတွင်း စစ်မှုထမ်းအကျုံးဝင်သည့် အမျိုးသားများ ဖမ်းဆီးခံရမှုဆက်တိုက်ရှိနေပြီး ဖမ်းဆီးခံရသူများကို စစ်မှုထမ်းသင်တန်း ပို့ဆောင်နေသည့်အတွက် စိုးရိမ်ထိတ်လန့်နေကြကြောင်း ဒေသခံများက ပြောဆိုသည်။