ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်ဒေသတွင် လမ်းလျှောက်နေသောမြန်မာနှစ်ဦး ကားတိုက်ခံရပြီး သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ဩဂုတ်လ ၁၀ ရက် ညနေ ၄ နာရီခွဲခန့်က ကထူးဘင်ဒေသတွင် ဈေးသို့ လမ်းလျှောက်သွားနေသော မြန်မာနိုင်ငံသားနှစ်ဦးကို ပစ်ကပ်ကားတစ်စီးက အရှိန်မထိန်းနိုင်ဘဲ အနောက်က ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။
ကားတိုက်ခံရမှုကြောင့် အသက် ၂၂ နှစ်အရွယ်များဖြစ်ကြသော ကိုဇော်နိုင်ဖြိုးနှင့် မစနေမတို့သည် ဦးခေါင်းကွဲနှင့် ခြေ၊ လက်ကျိုးဒဏ်ရာများဖြင့် နေရာမှာပင် သေဆုံးကြောင်း ဖော်ပြသည်။
ပစ်ကပ်ကားသည် လမ်းဘေးဓါတ်တိုင်ကို ထပ်မံဝင်တိုက်ခဲ့ပြီး ယင်းမှတစ်ဆင့် အိမ်ရှေ့ရပ်ထားသော ကားတစ်စီးကိုလည်း ကားဆင့်တိုက်ခဲ့သေးသည်ကို CCTV မှတ်တမ်းများအရ တွေ့မြင်ရသည်။
ဓါတ်တိုင်ကို ဝင်တိုက်သောကြောင့် ပစ်ကပ်ကားအရှေ့ပိုင်း တစ်ခုလုံး ပျက်စီးနေပြီး ကားလေအိပ်ပွင့်နေသည့်အပေါ်တွင် ကားမောင်းသူ ဒဏ်ရာရရှိထားသဖြင့် ကယ်ဆယ်ရေးအဖွဲ့က နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။
ကားတိုက်မှုဖြင့်သည့်အချိန်တွင် အိမ်ရှေ့တွင် သစ်ပစ်စိုက်နေသော အသက် ၇၀ အရွယ် ထိုင်းနိုင်ငံသားအပါအဝင် သားဖြစ်သူတို့ စုစုပေါင်း သုံးဦးလည်း အရှိန်ဖြင့် လာထိမှန်ခဲ့သဖြင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြသည်။
ကနဦးစုံစမ်းစစ်ဆေးမှုအရ ပစ်ကပ်ကားက အရှိန်ဖြင့် မောင်းလာစဉ် မထိန်းနိုင်တော့ဘဲ ဘီးချော်ကာ လမ်းကြောင်း ပြောင်း၍ ဓါတ်တိုင်ကို ဝင်တိုက်ခဲ့ခြင်းဖြစ်ပြီး အနီးတွင် လမ်းလျှောက်နေသော မြန်မာနိုင်ငံသားနှစ်ဦးကို ဝင်တိုက်ခဲ့ကြောင်း ရဲတပ်ဖွဲ့ဘက်က ပြောကြားချက်ကို ဖော်ပြသည်။
လက်ရှိတွင် ကားတိုက်မှုဖြစ်စဉ်နှင့် ပက်သက်၍ အသေးစိတ်ကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး အသက်သေဆုံးသည်အထိ ကားကို မဆင်မခြင်မောင်းနှင်မှုဖြင့် ကားသမားကို အမှုဖွင့်ထားကြောင်း သတင်းများတွင် ဖော်ပြသည်။
Ref: CH 7, Naewna, FM 91, Khaosod







