မွန်ပြည်နယ်၊ မုဒုံမြို့၊ ရွှေဟင်္သာဈေးရှိ ရွှေရတနာဦးရွှေဆိုင်တွင် ယနေ့ ဇူလိုင်လ ၁၁ ရက် နံနက်ပိုင်းက ရွှေလုယက်မှု ဖြစ်ပွားပြီး ဆိုင်ပိုင်ရှင်အမျိုးသားကိုလည်း သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း စျေးသူစျေးသားများ၏ ပြောပြချက်အရ သိရသည်။
ယနေ့ နံနက် ၁၁ နာရီခွဲခန့်က မြို့မ ၄ ရက်ကွက်၊ ရွှေဟင်္သာဈေးရှိ ရွှေရတနာဦးရွှေဆိုင်တွင် ဆိုင်ကယ်ဦးထုပ် ဆောင်းထား သည့် အမျိုးသားတစ်ဦး ရောက်ရှိလာပြီး ဆိုင်ရှင်၏ သမီးဖြစ်သူကို ပစ္စတိုသေနတ်ပြ ခြိမ်းခြောက်ကာ ရွှေထည် ပစ္စည်းများကို လုယူရန် ကြိုးစားကြောင်း ၎င်းတို့က ပြောသည်။
ယင်းနောက် သေနတ်သမားကို ဖခင်ဖြစ်သူ ဆိုင်ပိုင်ရှင်က ဝင်လုံးရာမှ သေနတ်သမားက သေနတ်ဖြင့် သုံးချက် ပစ်ခတ်ကြောင်း မုဒုံမြို့မစျေးမှ စျေးသည် အမျိုးသမီးတစ်ဦးက ဆိုသည်။
“ဆိုင်ထဲ ဝင်လာတာက တစ်ယောက်ပဲ။ ဆိုင်ကယ်ဦးထုပ်ဆောင်းထားတယ်။ မျက်မှန်လည်းတပ်ထားတယ်။ သူက အဲဒီ ဆိုင်ထဲ ဝင်လာပြီးတော့ ဆိုင်ရှင်ရဲ့ သမီးဆီကနေ ရွှေတွေ လုဖို့လုပ်တယ်။ အဲဒီအချိန်မှာ ဆိုင်ရှင်ပေါ့ သူ့အဖေက ဝင်လုံးတာ၊ အဲဒီအချိန်မှာ သေနတ်နဲ့ပစ်တာ။ သူ့သမီးလည်း ထိသွားတယ်။ ဆိုင်ရှင်ကတော့ ဆုံးသွားတယ်” ဟု ၎င်းက ပြောသည်။
ရွှေရတနာဦးရွှေဆိုင်ပိုင်ရှင် အသက် ၇၀ အရွယ် ဦးပန်လာ ကျည်ထိမှန်သေဆုံးပြီး သမီးဖြစ်သူလည်း ထိခိုက်ဒဏ်ရာရကြောင်း စျေးသူ၊ စျေးသားများထံမှ သိရသည်။
သေနတ်သမားသည် ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ပြီး ရွှေဆိုင်က ရွှေများ ပါသွားသည် မပါသွားသည်ကိုမူ သေသေချာချာ မသိရသေးပေ။
ရွှေဆိုင်လုယက်မှုဖြစ်ပွားပြီးနောက် ရွှေဟင်္သာဈေးအတွင်းရှိ ရွှေဆိုင်များအပါအဝင် ဆိုင်အများစု ပိတ်ထားကြောင်းလည်း မြို့ခံများထံမှ သိရသည်။
ရွှေဆိုင်ဝင်လုသည့် သေနတ်သမားကို စစ်ကောင်စီ ရဲတပ်ဖွဲ့က ပိတ်ဆို့ရှာဖွေနေကြောင်း မြို့ခံများက ဆိုသည်။