BREAKING
November 19, 2025

ဘီးလင်း၊ မင်းစောရွာကို စစ်ကောင်စီ လေယာဉ်ဖြင့်ဗုံးထပ်ကြဲ

July 11, 2025

ပုံစာ - ဇူလိုင်လ ၁၀ ရက်က လေကြောင်း တိုက်ခိုက်ခံခဲ့ရသည့် မင်းစောရွာ။ ဓာတ်ပုံ - KNU

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မင်းစောကျေးရွာကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးထပ်ကြဲကြောင်း ဒေသခံများနှင့် ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင်တို့ထံမှ သိရသည်။

ဇူလိုင် ၁၀ ရက် နံနက် ၁၁ နာရီဝန်းကျင်က မင်းစောကျေးရွာထဲကို ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး နှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် မင်းစောကျေးရွာတွင် အသစ်ဆောက်လုပ်ထားသည့် စာသင်ကျောင်း အဆောက်အအုံ နှစ်လုံးနှင့် အရပ်သားပြည်သူ နေအိမ် နှစ်လုံး ထိခိုက်ပျက်စီးကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ဗုံးက စာသင်ကျောင်းပေါ်မှာ ကျသွားတော့ ကျောင်းဆောင် နှစ်ဆောင်ထိသွားတယ်။ အိမ်လည်း ထိသွားတာရှိတယ်။ လူတော့ ထိတာမရှိဘူးလို့ သိရတယ်” ဟု ၎င်းက ပြောဆိုသည်။

စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်နေသောကြောင့် ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။

မင်းစောကျေးရွာထဲကို စစ်ကောင်စီက ပြီးခဲ့သည့် မတ်လ ၂၃ ရက်ကလည်း လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရကာ ရွာစာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် လူနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့သည်။

ယင်းအပြင် ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်ကလည်း မင်းစောရွာဘုန်းကြီးကျောင်းတွင့် သံဃာတော်များ ဆွမ်းဘုန်းနေချိန် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အသက် ၁၀ နှစ်အရွယ် ကိုရင်တစ်ပါးနှင့် အသက် ၆၅ နှစ်အရွယ် နော်လှမြင့်၊ အသက် ၆၀ နှစ်အရွယ် နော်မဝဲတို့ သုံးဦး သေဆုံးခဲ့သည်။

၎င်းတို့ပြင် ကိုရင်ကြီးတစ်ပါး၊ ဦးဇင်းနှစ်ပါးနှင့် အသက် ၂၆ နှစ်အရွယ် နော်မုကို့၊ အသက် ၂၇ နှစ်အရွယ် နော်မမိုး၊ အသက် ၇၀ နှစ်အရွယ် စောမောင်ရွှေ၊ အသက် ၆၂ နှစ်အရွယ် စောဂွတို၊ အသက် ၂၈ နှစ်အရွယ် စောမောင်နူ၊ အသက် ၄၄ နှစ်အရွယ် စောကျော်ကေ့တို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီသည် သထုံခရိုင်အတွင်းရှိ ဘီးလင်း၊ ကျိုက်ထို၊ သထုံမြို့နယ်အတွင်းရှိ ကျေးရွာများကို လေကြောင်းဖြင့် တိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းတို့ ဆက်တိုက်ပြုလုပ်နေကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။