BREAKING
October 19, 2025

ရေးတွင် လူမှုကူညီရေးအသင်းဝင် ၂ ဦး ဓားဖြင့်ခုတ်ခံရ

July 11, 2025

ပုံစာ - CCTV မှတ်တမ်းတွင် တွေ့ရသည့် ဓားဖြင့် ခုတ်ခဲ့သည့် လူငယ် ၄ ဦး။ ဓာတ်ပုံ - ရွှေဟင်္သာပရဟိတ လူမှုကူညီရေးအသင်း

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင်ကျေးရွာအခြေစိုက် ရွှေဟင်္သာပရဟိတ လူမှုကူညီရေးအသင်းမှ အသင်းဝင် ၂ ဦး ဓားခုတ်ခံရကြောင်း သိရသည်။

ရွှေဟင်္သာပရဟိတ လူမှုကူညီရေးအသင်းမှ အတွင်းရေးမှူးနှင့် အသင်းသားတစ်ဦးတို့ ဇူလိုင်လ ၉ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်က ဆိုင်ကယ်ဖြင့် လမိုင်းမြို့မှ မော့ကနင်သို့ ပြန်လာချိန် ဆိုင်ကယ်နှစ်စီးဖြင့် လူငယ် ၄ ဦးတို့က လမ်းတွင် ဓားဖြင့် ခုတ်ခဲ့ခြင်းဖြစ်သည်။

“အတွင်းရေးမှူးနဲ့ အသင်းသားတစ်ဦးက ဆိုင်ကယ်နဲ့ လမိုင်းမြို့ကနေ ပြန်လာတာ ‌မျက်နှာအုပ်ထားတဲ့ လူငယ် ၄ ဦး ဆိုင်ကယ်နှစ်စီးနဲ့ အနောက်ကနေ လိုက်လာပြီး ဓားနဲ့ ခုတ်သွားတယ်” ဟု ရွှေဟင်္သာပရဟိတ လူမှုကူညီရေးအသင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ယင်းလူငယ် ၄ ဦးသည် လမိုင်းမြို့မှ ဖြစ်ကြပြီး ဓားဖြင့် ခုတ်ပြီးနောက် လမိုင်းမြို့ဘက်သို့ ထွက်ပြေးသွားခဲ့သည်ဟု ဆိုသည်။

လူမှုကူညီရေးအသင်း အတွင်းရေးမှူးမှာ ဒဏ်ရာရရှိမှုမရှိသော်လည်း အသင်းသားမှာ ဦးခေါင်းတွင် ဓားဒဏ်ရာများရရှိကြောင်း လမိုင်းဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

ရွှေဟင်္သာပရဟိတ လူမှုကူညီရေးအသင်းဝင်နှစ်ဦး ဓားခုတ်ခံရမှုနှင့် ပတ်သက်ပြီး အကြောင်းအရင်း အသေးစိတ် မသိရှိရသေးပေ။

လက်ရှိတွင် ရွှေဟင်္သာပရဟိတ လူမှုကူညီရေးအသင်းဝင်နှစ်ဦးကို ဓားဖြင့် ခုတ်ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် လူငယ် ၄ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိထားပြီဟုသိရသည်။

ရွှေဟင်္သာပရဟိတ လူမှုကူညီရေးအသင်းသည် လမိုင်းမြို့အနီးနားကျေးရွာများအပြင် ရေးမြို့နယ်အတွင်းက အရေးပေါ်ကယ်ဆယ်ရေး၊ လူမှုရေးကိစ္စများ ကူညီဆောင်ရွက်ပေးနေသည့် လူမှုကူညီရေးအသင်းဖြစ်သည်။