BREAKING
June 14, 2025

ILO ပုဒ်မ ၃၃ နဲ့ အရေးယူတယ်ဆိုတာ ဘာလဲ

June 11, 2025

ဓာတ်ပုံ - DDMSC

ဇွန်လ ၅ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ကျင်းပခဲ့တဲ့ ၁၁၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံမှာ အလုပ်သမားအခွင့်အရေးနဲ့ လူ့အခွင့်အရေးချိုးဖောက်နေတဲ့ စစ်ကောင်စီကို အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ချုပ် (ILO) ရဲ့ ပြဌာန်းချက်ပါ ပုဒ်မ ၃၃ (Article 33) နဲ့ အရေးယူဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ILO အဖွဲ့ဝင်နိုင်ငံတွေကြား မဲခွဲဖို့ မလိုဘဲ တညီတညွတ်တည်း ဆုံးဖြတ်အတည်ပြုလိုက်တာ ဖြစ်ပါတယ်။ ILO ရဲ့ သမိုင်းတလျှောက်မှာ မြန်မာအပေါ် အရေးယူဒဏ်ခတ်မှု ချမှတ်တာ ဒါက ဒုတိယအကြိမ်ဖြစ်ပြီး အခုလို အရေးယူနိုင်ဖို့ ၄ နှစ်ကြာအောင် တောင်းဆိုခဲ့ရတယ်လို့ အလုပ်သမားရေးဆောင်ရွက်သူတွေက ဆိုကြပါတယ်။

စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက် ၂၀၀၀ ခုနှစ်မှာ ILO ရဲ့ ပုဒ်မ ၃၃ ဆုံးဖြတ်ချက်နဲ့ မြန်မာနိုင်ငံကို ပထမအကြိမ် အရေးယူခဲ့ဖူးပါတယ်။

ILO ရဲ့ ပြဌာန်းချက် ပုဒ်မ ၃၃ ဆိုတာ ဘာလဲ

ILO ရဲ့ ပြဌာန်းချက် ပုဒ်မ ၃၃ ဆိုတာဟာ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အလုပ်သမားရေးရာ ကိစ္စတွေအပေါ် လိုက်နာဆောင်ရွက်ရမယ့် အခြေခံပြဌာန်းချက်တွေကို ချိုးဖောက်ရင် အရေးယူနိုင်တဲ့ ပုဒ်မ ဖြစ်ပါတယ်။

ILO အဖွဲ့ဝင်နိုင်ငံတစ်ခုဟာ အခြေခံပြဌာန်းချက်တွေကို ချိုးဖောက်လို့ အကြိမ်ကြိမ်သတိပေးခံရပြီး ILO နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ငြင်းဆန်တဲ့အခါမှာ အပြစ်ပေးအရေးယူတဲ့အနေနဲ့ နိုင်ငံတကာဖိအားသက်ရောက်စေဖို့ အတွက် ပုဒ်မ ၃၃ နဲ့ အရေးယူပါတယ်။ ပုဒ်မ ၃၃ ဆုံးဖြတ်ချက်ဟာ ILO အဖွဲ့ရဲ့ အပြင်းထန်ဆုံး အရေးယူဆောင်ရွက်ချက် ဖြစ်ပါတယ်။

ဇွန်လ ၅ ရက်နေ့က ဂျီနီဗာညီလာခံကနေ စစ်ကောင်စီကို ပုဒ်မ ၃၃ နဲ့ အရေးယူဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ သုံးပွင့်ဆိုင်ကိုယ်စားလှယ်အဖွဲ့က ဦးဆောင်လုပ်ခဲ့ပါတယ်။

၁၁၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့သလို စစ်ကောင်စီဲရဲ့ UMFCCI ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်နွယ်လည်း တက်ရောက်ခဲ့ပါတယ်။

စစ်ကောင်စီ တိုင်ကြားခံရတဲ့ အဓိကအချက်တွေကတော့ စစ်မှုထမ်းဥပဒေနဲ့ အသက်ကျုံးဝင်တဲ့သူတွေကို ပြည်ပကို သွားရောက်အလုပ်လုပ်ခွင့် ကန့်သတ်ပိတ်ပင်တာ ၊ အလုပ်ချိန်ကျော်လွန်ခိုင်းစေပြီး အချိန်ပိုကြေးမပေးတဲ့ လုပ်ငန်းနဲ့ အဓမ္မအလုပ်ခိုင်းစေတဲ့လုပ်ငန်းတွေကို အရေးမယူတာ ၊ အလုပ်သမားအခွင့်အရေးအတွက် လွတ်လပ်တဲ့ အသင်းအပင်းဖွဲ့စည်းခွင့်တွေကို ခွင့်မပြုတာ ၊ ပြည်တွင်းမှာ အလုပ်အကိုင်ရှားပါးတဲ့ ပြဿနာတွေကို ဖြေရှင်းပေးဖို့ တာဝန်မဲ့ပျက်ကွက်ခဲ့တယ်ဆိုတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ အဲဒီပုဒ်မနဲ့ အရေးယူခံရတဲ့ နိုင်ငံနဲ့ အစိုးရတစ်ရပ်ဟာ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေလည်း ဖြစ်လာနိုင်ပါတယ်။

ပုဒ်မ ၃၃ နဲ့ အရေးယူဖို့ ဆုံးဖြတ်ချက်က စစ်တပ်အုပ်ချုပ်မှုအောက်က မြန်မာနိုင်ငံမှာ အလုပ်သမားအခွင့်အရေး ၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေရဲ့ စိုးရိမ်စရာ အခြေအနေကို ကမ္ဘာကို မီးမောင်းထိုးပြလိုက်သလိုပါပဲ။ စစ်ကောင်စီရဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေအပေါ် နိုင်ငံတကာက စုစုစည်းစည်း အရေးယူဆောင်ရွက်ကြဖို့ ILO က တောင်းဆိုလိုက်တဲ့ သဘောလည်း ဖြစ်ပါတယ်။

ILO ရဲ့ ဆုံးဖြတ်ချက်ပါ အချက်တချို့

ပုဒ်မ ၃၃ နဲ့ အရေးယူဖို့ ဆုံးဖြတ်ချက်ဟာ ILO က လုပ်ဆောင်နိုင်တဲ့ အပြင်းထန်ဆုံး အရေးယူဆောင်ရွက်ချက် ဖြစ်ပါတယ်။ ကမ္ဘာအနှံ့က ILO အဖွဲ့ဝင်နိုင်ငံ့အစိုးရတွေ ၊ ကုမ္ပဏီတွေ ၊ သမဂ္ဂတွေအနေနဲ့ မြန်မာစစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေကို အထောက်အကူပြုမိစေမယ့် ဆောင်ရွက်ချက်ကနေ ရှောင်ရှားဖို့ ILO က တိုက်တွန်းလိုက်ပါတယ်။

မြန်မာစစ်ကောင်စီကို စစ်လက်နက်ပစ္စည်း ၊ လေယာဉ်ဆီထောက်ပံ့နေတာတွေကို ပြန်လည်သုံးသပ်ဖို့ကိုလည်း တိုက်တွန်းလိုက်ပါတယ်။ မြန်မာစစ်ကောင်စီထံ ဘဏ္ဍာရေးစီးဆင်းစေတဲ့ လုပ်ရပ်တွေကိုလည်း ပြန်လည်သုံးသပ်ကြဖို့ ILO ရဲ့ ဆုံးဖြတ်ချက်က တိုက်တွန်းထားပါတယ်။

အလုပ်သမားသမဂ္ဂလှုပ်ရှားမှုတွေနဲ့ ဆက်စပ်ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ လူပုဂ္ဂိုလ်အားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့နဲ့ မြန်မာစစ်ကောင်စီက အရပ်ဘက်အဖွဲ့အစည်းတွေကို ဖိနှိပ်တိုက်ခိုက်နေမှုကိုလည်း အဆုံးသတ်ဖို့ ILO က တောင်းဆိုလိုက်ပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းမှုပြီးကတည်းက ပိုမိုအရှိန်မြင့်လာတဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုနဲ့ ဖိနှိပ်မှုတွေကြောင့်လည်း ILO ရဲ့ ပုဒ်မ ၃၃ နဲ့ အရေးယူဖို့ ဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

ဥပမာအနေနဲ့ အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ၆၉ ဦးကို ဖမ်းဆီးထိန်းသိမ်းခံထားရမှု ၊ အလုပ်သမားတွေနဲ့ အရပ်သားပြည်သူတွေအပေါ် စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုနဲ့ စစ်မှုထမ်းဥပဒေပြဌာန်းပြီး အတင်းအဓမ္မစစ်သားစုဆောင်းမှု ၊ လူဦးရေ ၂ သန်း နေရပ်စွန့်ခွာ တိမ်းရှောင်နေရမှု ၊၂၀၂၅ ခုနှစ် ၊ မတ်လ ငလျင်ကြောင့် လူပေါင်း ၃၇၀၀ ကျော် သေဆုံးခဲ့ရမှု ၊ အသက်ကယ်ဆယ်တဲ့ လူသားချင်းစာနာမှုအကူအညီတွေကို မြန်မာစစ်ကောင်စီက ပိတ်ဆို့ဟန့်တားမှုတွေပဲ ဖြစ်ပါတယ်။

ILO ရဲ့ ဆုံးဖြတ်ချက်ထဲမှာ မြန်မာပြည်ထဲက အလုပ်သမားတွေကို မထိခိုက်ဖို့ ၊ စစ်ကောင်စီက ပျက်ကွက်နေတဲ့ အလုပ်သမားအခွင့်အရေးအကာအကွယ်ပေးမှုတွေကို လိုက်နာဆောင်ရွက်လာဖို့ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။ ILO ရဲ့ ဆုံးဖြတ်ချက်ကို စစ်ကောင်စီဘက်က လိုက်နာလာအောင် အဖွဲ့ဝင်နိုင်ငံတွေက ဝိုင်းဝန်းလုပ်ဆောင်ဖို့ ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။

ဘယ်လိုသက်ရောက်မှုတွေ ရှိလာနိုင်လဲ

ILO ရဲ့ ပုဒ်မ ၃၃ ဆုံးဖြတ်ချက်ဟာ စစ်ကောင်စီလက်ထက် နိုင်ငံတကာအသိုက်အဝန်းမှာ မြန်မာနိုင်ငံကို ပိုလို့ အဆက်ဖြတ်ခံ အထီးတကျန် ဖြစ်သွားစေနိုင်ပါတယ်။ ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်းမှာ နိုင်ငံတော်တော်များများက မြန်မာစစ်ကောင်စီအပေါ် ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခဲ့ပြီး မြန်မာနိုင်ငံနဲ့ လက်တွဲလုပ်ဆောင်နေတာတွေကို ရပ်တန့်ခဲ့ပါတယ်။

ILO ရဲ့ ပုဒ်မ ၃၃ ဆုံးဖြတ်ချက်က နိုင်ငံတကာအနေနဲ့ မြန်မာစစ်တပ်နဲ့ ဆက်နွယ်တဲ့ ကုမ္ပဏီတွေနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်တာဟာ အန္တရာယ်များတယ်ဆိုတဲ့ သတင်းစကားကို ထင်ထင်ရှားရှား ပေးပို့လိုက်တာ ဖြစ်ပါတယ်။

အဲဒါက မြန်မာစစ်တပ်ရဲ့ အတင်းအဓမ္မလုပ်အားခိုင်းစေမှုတွေနဲ့ အလုပ်သမား ၊ လူ့အခွင့်အရေး ကျယ်ကျယ်ပြန့်ပြန့် ချိုးဖောက်နေမှုတွေကို အားပေးအားမြှောက်ပြုရာရောက်တယ်ဆိုတဲ့အချက်ကိုလည်း မီးမောင်းထိုးပြလိုက်တာ ဖြစ်ပါတယ်။

ဒါကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံ့သူတွေနဲ့ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ကိုင်ဖို့ ရှောင်ကြဉ်သွားတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ မြန်မာပြည်တွင်းမှာ အလုပ်အကိုင်လျော့ကျသွားတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

ILO ရဲ့ ဆုံးဖြတ်ချက်ကြောင့် စစ်ကောင်စီအတွက် ဝင်ငွေလမ်းကြောင်းတွေကို ဖြတ်တောက်ပိတ်ဆို့ခံရတာတွေ ဖြစ်လာမယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။

အဓိကထိခိုက်နိုင်မယ်လို့ ပြောဆိုကြတဲ့ ကဏ္ဍတွေကတော့ မြန်မာမှာ ရင်းနှီးမြှုပ်နှံထားတဲ့ နိုင်ငံတကာလုပ်ငန်းတွေ ပြန်လည်ထွက်ခွာသွားတာ ၊ ရင်းနှီးမြှုပ်နှံမှုအသစ်တွေ မလာနိုင်တော့တာ ၊ နိုင်ငံတကာပို့ကုန်ဆိုင်ရာ အခွန်ကင်းလွတ်ခွင့်တွေကို ရုတ်သိမ်းခံရနိုင်တယ်လို့ စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူတချို့က သုံးသပ်ပါတယ်။

ILO ရဲ့ ပုဒ်မ ၃၃ ဆုံးဖြတ်ချက်ကြောင့် အာဆီယံအဖွဲ့အနေနဲ့ မြန်မာ့အရေးအကျပ်အတည်းမှာ ပိုမိုရှင်းလင်းပြတ်သားတဲ့ ရပ်တည်ချက်မျိုး ပြသဖို့ သံတမန်ရေးဖိအားသစ်တွေ ကျရောက်လာစေနိုင်ပါတယ်။

စစ်ကောင်စီကို အသက်ဆက်စေနိုင်တဲ့ကုန်သွယ်ရေး ၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ဖွံ့ဖြိုးရေးအကူအညီတွေအပေါ်မှာ နိုင်ငံတကာရဲ့ ကန့်သတ်တားမြစ်မှုတွေ တိုးမြှင့်လာနိုင်ပါတယ်။ နိုင်ငံတကာအနေနဲ့ မြန်မာစစ်တပ်က ပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တာဝန်ရှိတဲ့ လူပုဂ္ဂိုလ်တွေအပေါ် ပိတ်ဆို့အရေးယူမှုတွေ ချမှတ်တာ ၊ ပိုတင်းကျပ်လာတာမျိုး လုပ်နိုင်ပါတယ်။

ILO ရဲ့ ဆုံးဖြတ်ချက် တကယ်ထိရောက်မှုရှိမရှိ ဆိုတာဟာ ILO အဖွဲ့ဝင်နိုင်ငံတွေရဲ့ မြန်မာစစ်ကောင်စီအပေါ် စုစည်းညီညွတ်စွာ နောက်ဆက်တွဲအရေးယူဆောင်ရွက်မှုရှိမရှိဆိုတာအပေါ် မူတည်နေပါတယ်။

စျာန်ဟိန်း