ထိုင်းနိုင်ငံတောင်ပိုင်း စွန်ခရာခရိုင် လမ်းမကြီးပေါ်တွင် ဇွန်လ ၉ ရက်နေ့ ညက ကားတိုက်မှုဖြစ်ခဲ့ပြီး တရားမဝင် ဝင်လာသော မြန်မာနိုင်ငံသားများအပါအဝင် ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ည ၁၁ နာရီအချိန်က မြန်မာနိုင်ငံသားများ လိုက်ပါလာသော ပစ်ကပ်ကားနှင့် ထိုင်းနိုင်ငံသားများ မောင်းလာသော အိမ်စီးကားသည် စဒေါင်းဒေသရှိ ကန်ချနာဝနစ်လမ်းမကြီးပေါ်တွင် တိုက်မိခဲ့ခြင်းဖြစ်သည်။
ကားတိုက်မှုကြောင့် ပစ်ကပ်ကားပေါ်ပါလာသော မြန်မာနိုင်ငံသား ၇ ဦး ဒဏ်ရာရရှိခဲ့ပြီး အနီးတွင် ကျောပိုးအိတ်များ လွင့်စင်နေသည်ကို တွေ့မြင်ရကြောင်း သတင်းတွင်ဖော်ပြထားသည်။
ပစ်ကပ်ကားပေါ် ပါလာသော မြန်မာနိုင်ငံသားများမှာ ထိုင်းစကားမပြောတတ်ပဲ ဒဏ်ရာများကြောင့် ငိုနေကြကြောင်း၊ ၎င်းတို့သည် မလေးရှားနိုင်ငံသို့ သွားရန် တရားမဝင် ဝင်လာကြသူများဖြစ်ကြောင်း၊ ကားတိုက်မှုဖြစ်ပြီးနောက် ကားသမားသည် ထွက်ပြေးသွားခဲ့ကြောင်း ဖော်ပြထားသည်။
တစ်ဖက်အိမ်စီးကားပေါ်တွင် ထိုင်းနိုင်ငံသားနှစ်ဦး လိုက်ပါလာပြီး နှစ်ဦးစလုံး ကားထဲ ညှပ်နေသဖြင့် ဒေသခံများက ကယ်ထုတ်ပေးခဲ့ရကြောင်း သိရသည်။
ဒဏ်ရာရရှိသော မြန်မာနိုင်ငံသား ၇ ဦးနှင့် ထိုင်းနိုင်ငံသား ၂ ဦးကို ကယ်ဆယ်ရေးအဖွဲ့က နီးစပ်ရာ ဆေးရုံများသို့ ခွဲ၍ ပို့ဆောင်ပေးခဲ့သည်။
မြန်မာနိုင်ငံသားများပါသော ပစ်ကပ်ကားက မီးနီကို ဖြတ်မောင်းလာပြီး လမ်းကွေ့စဉ် အရှိန်မထိန်းနိုင်တော့ပဲ ၎င်းမောင်းလာသော အိမ်စီးကားကို ဝင်တိုက်ခဲ့ကြောင်း ထိုင်းကားသမား၏ ဖြေကြားချက်ကို သတင်းတွင်ဖော်ပြထားသည်။
ကားတိုက်မှုကြောင့် အိမ်စီးကား၏ အရှေ့ပိုင်းက ပျက်စီးသွားခဲ့ပြီး ပစ်ကပ်ကားက လမ်းဘေးထိုးကျသွားခဲ့သည်။
လက်ရှိတွင် မြန်မာနိုင်ငံသားများ၏ အချက်အလက်များ ရရှိနိုင်ရေး ဘာသာပြန်မှတစ်ဆင့် မေးမြန်းနေဆဲဖြစ်ပြီး အားလုံးကို ဥပဒေအတိုင်း အရေးယူသွားမည်ဖြစ်ကာ ထွက်ပြေးသွားသော ကားသမားကိုလည်း ဆက်လက်ရှာဖွေသွားမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။
Ref: Khaosod, MGR Online, 77 kaoded