BREAKING
June 13, 2025

မြန်မာများက ထိုင်းရဲကိုသတင်းပေးလိုက်၍ သတိမေ့ပြီး ရေထဲမျောနေသူကို အချိန်မီကယ်တင်နိုင်ခဲ့

June 11, 2025

ထိုင်းနိုင်ငံ နွန်ထဘူရီခရိုင်တွင် ငါးမျှားရန်လာသော မြန်မာနိုင်ငံသားများက ရေမြောင်းထဲ မျောပါလာသော အလောင်းတစ်လောင်းကို တွေ့သဖြင့် ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ရာမှ အသက်မသေသေးဘဲ သတိမေ့ကာ ရေထဲမျောနေသူကိုအချိန်မီ ကယ်တင်နိုင်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင်‌ ဖော်ပြသည်။

ဇွန်လ ၁၁ ရက်နေ့ နံနက်သန်းခေါင်အချိန်က အသက် ၂၈ နှစ်အရွယ် မြန်မာနိုင်ငံသားအပါအဝင် သူငယ်ချင်းများက ငါးမျှားရန် ရည်ရွယ်ချက်ဖြင့် ဘန်ဘိုဝါထောင်ဒေသ လန်ဖိုရေမြောင်းရှိ တံတားအောက်သို့ လာရောက်ခဲ့ကြခြင်းဖြစ်သည်။

တံတားအောက်သို့ ရောက်သောအခါ လူတစ်ဦး ရေထဲမျောပြီး တံတားအောက်ခြေတိုင်တွင် ကပ်ညှိနေသည်ကို တွေ့ရှိခဲ့ကြသည်။

မြန်မာနိုင်ငံသားများက ရေထဲမျောပါနေသောသူသည် သေဆုံးနေသော ရုပ်အလောင်းဖြစ်သည်ဟု ကနဦးယူဆထားခဲ့ကြောင်း ဖြေကြားချက်ကို ထိုင်းသတင်းတွင် ဖော်ပြသည်။

အလောင်းကို စစ်ဆေးနိုင်ရန် မြန်မာနိုင်ငံသားများက ရဲတပ်ဖွဲ့ထံ ချက်ချင်း သတင်းပို့ တိုင်ကြားခဲ့သဖြင့် ကယ်ဆယ်ရေးအဖွဲ့များနှင့်အတူ ရဲတပ်ဖွဲ့က လာရောက်စစ်ဆေးခဲ့ကြောင်း၊ ယင်းမှာသက်ကြီးပိုင်း အမျိုးသားတစ်ဦးဖြစ်ပြီး တံတားအောက်ခြေ ကွန်ကရစ်တုံးဖြင့် ညှိနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။

အလောင်းကို တုတ်ဖြင့် ကနဦး လှန်းထိုး၍ စစ်ဆေးကြည့်သောအခါ အားလုံးက သေဆုံးပြီဟု ယူဆထားသော ရုပ်အလောင်းက ချက်ချင်း သတိပြန်ဝင်လာခဲ့ပြီး “ကူညီပါဦး” ဟု ဆိုခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။

ယင်းအချိန် သရဲအခြောက်ခံရသကဲ့သို့ ဖြစ်သွားသဖြင့် ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့များအပါအဝင် အားလုံးက ထိတ်လန့်သွားခဲ့ကြကြောင်း သတင်းတွင်ဖော်ပြထားသည်။

ယင်းနောက် ၎င်းကို မေးမြန်းရာ အသက် ၇၀ နှစ်အရွယ် ထိုင်းနိုင်ငံသားတစ်ဦးဖြစ်ကြောင်း သိရပြီး ၎င်းသည် သတိလစ်၍ ရေထဲပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံ ဖြေကြားထားသည်။

လက်ရှိတွင် ထိုင်းနိုင်ငံသားကို ကယ်ဆယ်ရေးအဖွဲ့များက ရှေးဦးကုသမှုပေးပြီးနောက် ဘန်ဘိုဝါထောင်ဆေးရုံသို့ ပို့ဆောင်ပေးထားသည်။

Ref: Thairath, Amarin TV