ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထိုင်းကရင်တစ်ဦးကို မြန်မာထင်ပြီး ရိုက်နှက်ခဲ့မှုအတွက် မျိုးချစ်အဖွဲ့ ရဲစခန်းတွင်တောင်းပန်

March 11, 2026

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် မွေးဖွားခဲ့သော ကရင်တိုင်းရင်းသားတစ်ဦးကို မြန်မာအလုပ်သမားထင်ပြီး ထိုင်းမျိုးချစ်အဖွဲ့ဝင် (နှုတ်ခမ်းမွှေးအဖွဲ့) က ရိုက်နှက်ခဲ့မှုအပေါ် ရဲစခန်းတွင် လာရောက်တောင်းပန်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ကန်ချနဘူရီတွင်မွေးသည့် ထိုင်းကရင်လူမျိုးတစ်ဦးကို မြန်မာအလုပ်သမားတစ်ဦးထင်ပြီး ရိုက်နှက်ဆုံးမခဲ့ကာ ဗီဒီယိုဖိုင်ကို အွန်လိုင်းပေါ် တင်ခဲ့ရာမှ ပြည်သူလူထုကြား ဝေဖန်မှုမြင့်တက်လာခဲ့ခြင်းဖြစ်သည်။

ထိုင်းကိုယ်ဝန်သည်အမျိုးသမီးတစ်ဦးနှင့် စကားများရန်ဖြစ်ခဲ့သည်ဟုဆိုကာ မြန်မာအလုပ်သမားထင်ပြီး ကရင်လူမျိုးတစ်ဦးကို ချွန်ဘူရီခရိုင် ပတ္တယားကမ်းခြေရှိ ဘားတစ်ခုရှေ့တွင် ထိုင်းမျိုးချစ်အဖွဲ့ဝင်တစ်ဦးက ရိုက်နှက်ခဲ့ခြင်းဖြစ်သည်။

ရိုက်နှက်ခံရသူသည် ပါးစပ်တွင် သွေးထွက်နေသည်ကို ဗီဒီယိုမှတ်တမ်းအရ သိရသည်။

ရိုက်နှက်ခဲ့ပြီးနောက် ဗီဒီယိုတင်ခဲ့သောသူသည် အသက် ၄၃ နှစ်အရွယ်ရှိသူဖြစ်ပြီး နှုတ်ခမ်းမွှေးအဖွဲ့ဟု လူသိများသော မျိုးချစ်အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း သိရသည်။

ရိုက်နက်ခံရသူ အသက်၂၇ နှစ်အရွယ် နိုင်ဒေ့သည် မြန်မာအလုပ်သမားမဟုတ်ဘဲ ကန်ချဘူရီဒေသခံ ကရင်လူမျိုးဖြစ်နေကာ ထိုင်းနိုင်ငံတွင် မွေးဖွား၍ ပညာသင်ယူခဲ့သူဖြစ်ကြောင်း ဖော်ပြသည်။

နိုင်ဒေ့သည် ကန်ချနဘူရီက လူကောင်းတစ်ဦးဖြစ်ကြောင်း၊ ဖခင်သည် ကွယ်လွန်သွားပြီဖြစ်ပြီး မိခင်ဖြစ်သူကျန်ရှိနေကာ ညီအစ်အကိုနှစ်ဦးရှိကြောင်း ဖော်ပြသည်။

ညီဖြစ်သူက ထိုင်းနိုင်ငံသား မှတ်ပုံတင် ရရှိပြီးဖြစ်သော်လည်း မိခင်ဖြစ်သူနှင့် နိုင်ဒေ့တို့နှစ်ဦးက ပန်းရောင်ကတ်ကိုင်ဆောင်ထားပြီး ထိုင်းနိုင်ငံသားအဖြစ် လျှောက်ထားဆဲဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်သည် ကန်ချနဘူရီဒေသခံများအပါအဝင် ထိုင်းပြည်သူများကြား ဝေဖန်မှု မြင့်တက်လာပြီး ရိုက်နှက်ပြီး အနိုင်ကျင့်မှုအတွက် တာဝန်ယူရန် ပြင်းပြင်းထန်ထန် တိုင်ကြားမှုများ ရှိလာခဲ့သည်။

ရိုက်နှက်ခံရသော ကရင်လူမျိုးနှင့်အတူ ဥပဒေအဖွဲ့က မတ်လ ၁၀ ရက်နေ့တွင် ပတ္တယားရဲစခန်းသို့ သွားရောက်၍ ရိုက်နှက်ခဲ့သော မျိုးချစ်အဖွဲ့ဝင်ကို ကိုယ်ထိလက်ရောက်ရိုက်နှက်မှု၊ သတင်းအမှား ဖြန့်ဝေမှု၊ ဥပဒေမဲ့ ထိန်းသိမ်းခဲ့မှုအပါအဝင် အမှုများစွာဖြင့် တရားစွဲခဲ့ကြောင်း သတင်းတွင်ဖော်ပြသည်။

ရိုက်နှက်ခံရသောနေ့က မျိုးချစ်အဖွဲ့ဝင်က ၎င်း၏လည်ပင်းကို ဆွဲကိုင်ကာ နိုင်ငံသားကတ်ကို စစ်ဆေးခဲ့ပြီးနောက် ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းနောက် ငွေကြေးတောင်းခံမှုများပါ ရှိခဲ့ကြောင်း ရိုက်နှက်ခံရသော ကရင်တိုင်းရင်းသားက ထွက်ဆိုသည်။

ယင်းရိုက်နှက်ခဲ့သော ဗီဒီယိုဖိုင်သည် အွန်လိုင်းပေါ် ပျံ့နှံ့လာပြီးနောက် နိုင်ဒေ့က စိတ်ရော ကိုယ်ရော ပြိုလဲခဲ့ပြီး မလုံခြုံတော့သည့်အတွက် ဆက်လက်နေထိုင်လိုစိတ်ပင် မရှိတော့ကြောင်း၊ တရားမျှတမှုနှင့် နောက်ထပ် ထပ်မဖြစ်စေရန် တိုင်ကြားရခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။

မတ်လ ၁၀ ရက်နေ့ ညနေပိုင်းတွင် ထိုင်းမျိုးချစ်အဖွဲ့ဝင် နှုတ်ခမ်းမွှေးကိုယ်တိုင် ရိုက်နှက်ခဲ့သောအဖွဲ့ဝင်ကို ရဲစခန်းသို့ ခေါ်လာပြီး ထွက်ဆိုချက်ပေးခဲ့ဟုဆိုသည်။

မျိုးချစ်အဖွဲ့သည် ရဲစခန်းသို့ လာရောက်ထွက်ဆိုချိန်တွင် ကနဦး မတောင်းပန်သေးဘဲ နိုင်ဒေ့သည် ဒေါသကြီးပြီး ထိုင်းနိုင်ငံသားများကို ရိုက်နှက်ခဲ့ဖူးသူဖြစ်ကြောင်း၊ ပန်းရောင်ကတ်သည် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံသားများအတွက် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် ထုတ်ပေးထားသော ကတ်ဖြစ်ကြောင်း ထွက်ဆိုသည်။

အကယ်၍ ထိုင်းနိုင်ငံအတွက် အကျိုးရှိမည့်သူအတွက်သာ ထိုင်းနိုင်ငံသားဖြစ်ခွင့် ပေးရမည်ဖြစ်ကြောင်း မျိုးချစ်အဖွဲ့က မေးခွန်းထုတ်ခဲ့သေးသည်။

နောက်ဆုံးမှသာ ထိုင်းမျိုးချစ်အဖွဲ့ဝင်က ကရင်လူမျိုးကို ရိုက်နှက်ခဲ့သဖြင့် ကရင်လူမျိုးများအပါအဝင် ပြည်သူများကိုလည်း တောင်းပန်ကြောင်း ဆိုခဲ့သည်။

လက်ရှိတွင် ရဲတပ်ဖွဲ့က ရိုက်နှက်ခဲ့သူအပါအဝင် သက်သေများကို မေးမြန်းနေဆဲဖြစ်ပြီး ဥပဒေအရ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတင်းတွင် ပါရှိသည်။

Ref: Thairath, CH 7, Workpoint 23, PPTT HD