ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထိုင်းက မြန်မာ ၇၀ ကျော် ဒီဇင်ဘာလထဲ ဒုတိယအကြိမ် ထပ်ပို့

December 10, 2025

ဓာတ်ပုံ - ပေးပို့

စစ်အာဏာရှင်တပ်က အဓမ္မစစ်သားစုဆောင်းနေချိန် ထိုင်းနိုင်ငံ ရနောင်းမြို့ထိန်းသိမ်းရေးစခန်းရှိ မြန်မာနိုင်ငံသား ၇၀ ကျော် ကို ယနေ့ ကော့သောင်းဘက်သို့ ထပ်မံလွှဲပြောင်းလိုက်ကြောင်း ကိုယ်တိုင်လိုက်ပါပို့ဆောင်သော မြန်မာနိုင်ငံသားထံမှ သိရသည်။

ဒီဇင်ဘာလ ၃ ရက်က မြန်မာနိုင်ငံသား ၁၀၄ ဦးကို ကော့သောင်းဘက်သို့ လွှဲပြောင်းပေးခဲ့ပြီးနောက် ယခုလအတွင်း ဒုတိယအကြိမ် နေရပ်ပြန်ပို့လိုက်ခြင်းဖြစ်သည်။

ထို့ကြောင့် ဒီဇင်ဘာလအတွင်း နေရပ်ပြန်ပို့ခံရသူ ၁၇၅ ဦးအထိ ရှိလာပြီဖြစ်သည်။

ထိုင်းတွင် အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးနောက် ရနောင်းထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသော မြန်မာနိုင်ငံသား အမျိုးသား ၅၄ ဦး၊ အမျိုးသမီး ၁၇ ဦးနှင့် ကလေး ၅ ဦး စုစုပေါင်း ၇၆ဦးကို ယနေ့ ဒီဇင်ဘာလ ၁၀ ရက် နံနက် ၁၁ နာရီခွဲတွင် ကော့သောင်းမြို့သို့ ထပ်မံလွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။

ယခု နေရပ်ပြန်ပို့မှုသည် ၂၀၂၅ ခုနှစ်အတွင်း ၁၆ ကြိမ်မြောက်ဖြစ်ပြီး ယခုနှစ်အတွင်း နေရပ်ပြန်ပို့ခံရသူ ၂၀၇၂ ဦး ရှိလာပြီ ဖြစ်သည်။

ယခုနှစ် ဇန်နဝါရီလတွင် ၁၄၉ဦး၊ ဖေဖော်ဝါရီလတွင် ၂၀၀ဦး၊ မတ်လတွင် ၂၅၀ ဦး၊ ဧပြီလတွင် ၂၀၈ ဦး၊ မေလတွင် ၈၁ ဦး၊ ဇွန်လတွင် နှစ်ကြိမ် ၂၂၉ ဦး၊ ဇူလိုင်တွင် ၁၆၂ ဦး၊ ဩဂုတ်လတွင် ၉၉ ဦး၊ စက်တင်ဘာလတွင် နှစ်ကြိမ် ၂၉၂ ဦး၊ အောက်တိုဘာလတွင် ၉၀ ဦး၊ နိုဝင်ဘာလတွင် နှစ်ကြိမ် ၁၃၇ ဦးနှင့် ဒီဇင်ဘာလတွင် နှစ်ကြိမ် ၁၇၅ ဦး လွှဲပြောင်းခဲ့သည်။

ပြီးခဲ့သော ၂၀၂၄ ခုနှစ်အတွင်း ရနောင်းထိန်းသိမ်းရေးစခန်းမှ ကော့သောင်းသို့ ပြန်လွှဲပြောင်းပေးမှုအကြိမ်ရေ စုစုပေါင်း ၁၄ ကြိမ်အထိရှိခဲ့ကြောင်း မြန်မာနိုင်ငံသား ၂၀၀၅ ဦး အထိ ပြန်လည်ပို့ဆောင်ခဲ့သည်။

နေရပ်ပြန်ပို့မည့် မြန်မာနိုင်ငံသားများကို ရနောင်း ခေါင်နန်းဟောင်မီးပြတိုက်လမ်းမှတစ်ဆင့် ကော့သောင်းဘက်သို့ စက်လှေများဖြင့် လွှဲပြောင်းပေးခဲ့ကြောင်း ကိုယ်တိုင်လိုက်ပါပို့ဆောင်သူက ပြောသည်။

ထိုင်းဘက်က လွှဲပြောင်းလိုက်သူများကို စစ်အာဏာရှင်တပ်က အဓမ္မစစ်မှုထမ်းစုဆောင်းမှုများ ဆက်တိုက် လုပ်ဆောင်နေကြောင်း စစ်မှုထမ်းစုဆောင်းခံရရာမှ လွတ်မြောက်လာသူများထံမှ သိရသည်။