ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထိုင်းအာဏာပိုင်းများ လုပ်ငန်းခွင်ထဲဝင်စစ် မြန်မာ ၄၅ ဦး ဖမ်းဆီးခံရ

December 10, 2025

ထိုင်းနိုင်ငံအရှေ့ပိုင်း လယွန်ခရိုင်ရှိ လုပ်ငန်းခွင်ထဲတွင် အလုပ်လုပ်နေသော မြန်မာနိုင်ငံသား ၄၅ ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း လယွန်ခရိုင် အလုပ်သမားရုံးက ထုတ်ပြန်သည်။

ဒီဇင်ဘာလ ၉ ရက်နေ့က လယွန်ခရိုင် နော့ခိုင်ဒေသ နော့လလွန့်ရွာထဲရှိ စက်ရုံ၊ အလုပ်ရုံများထဲ အလုပ်လုပ်ကိုင်နေသော အလုပ်သမားများကို ထိုင်းဌာနဆိုင်ရာ အဖွဲ့ပေါင်းစုံက ကွင်းဆင်းစစ်ဆေးစဉ် မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရခြင်းဖြစ်သည်။

စက်ရုံများထဲတွင် အလုပ်လုပ်ခွင့်လက်မှတ်မရှိ သို့မဟုတ် လုပ်ပိုင်ခွင့်ထက် ကျော်လွန်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ၇ ဦး စုစုပေါင်း ၂၁ ဦးကို တွေ့ရကြောင်း ထိုင်းသတင်းတွင် ဖော်ပြထားသည်။

နောက်ထပ် မြန်မာနိုင်ငံသား အမျိုးသား ၂၁ ဦး၊ အမျိုးသမီး ၃ ဦး စုစုပေါင်း ၂၄ ဦးသည် အလုပ်ပြောင်းရွှေ့ရာတွင် အလုပ်ရှင်အသစ်ကို အလုပ်သမားရုံးထံ ၁၅ ရက်အတွင်း အကြောင်းမကြားထားသည်ကို တွေ့ရကြောင်း ဖော်ပြသည်။

နောက်ထပ် တရုတ်နိုင်ငံသား ၃ ဦးကလည်း အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ အလုပ်လုပ်ကိုင်နေကြောင်း ဖော်ပြသည်။

ထို့ကြောင့် မြန်မာနိုင်ငံသား ၄၅ ဦးနှင့် တရုတ်နိုင်ငံသား ၃ ဦးကို ဥပဒေအရ အရေးယူထားပြီး ဘန်းခိုင်ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။

အလုပ်သမားများကို တရားမဝင် အလုပ်ခန့်ထားစေမှုဖြင့် အလုပ်ရှင်ကိုလည်း ဥပဒေအရ ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း ဖော်ပြသည်။

လာမည့် ဒီဇင်ဘာလ ၁၂ ရက်နေ့မှစ၍ ထိုင်းရောက် အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများကို အလုပ်လုပ်ခွင့်လက်မှတ်အသစ်ပြုလုပ်ပေးရန် ကြေညာထွက်ထားသဖြင့် ယင်းနေ့မတိုင်မီ မြန်မာအလုပ်သမားများအနေဖြင့် အထူးဂရုစိုက်နေထိုင်ကြရန် အလုပ်သမားအရေး ကူညီနေသူများက တိုက်တွန်းထားသည်။