မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်တွင် အလှပြင်ဆိုင် ဖွင့်လှစ်ထားသည့် LGBT သုံးဦး နိုဝင်ဘာလ ၉ ရက် ညက သေနတ်ဖြင့် ပစ်ခတ်ခံရပြီး နှစ်ဦးသေဆုံးကြောင်း မြို့ခံများထံမှ သိရသည်။
သေနတ်ဖြင့် ပစ်ခတ်ခံရသူ သုံးဦးသည် မော်လမြိုင်မြို့၊ မြေနီကုန်းရပ်ကွက်၊ မြို့ရှောင်လမ်းနှင့် မဟာမြိုင်ရပ်ကွင် ၉ လမ်းထိပ်တွင် “မြင်သူလန်း” ဆံပင်မိတ်ကပ်ဆိုင် ဖွင့်လှစ်ထားသည့် အသက် ၃၀ ကျော်အရွယ် တင်ကိုကိုဦး၊ မာမက်အာယွန်း (ခ) မနီနှင့် ဇွဲဝေယံထက်တို့ ဖြစ်ကြောင်း မြို့ခံများက ပြောသည်။
သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် တင်ကိုကိုဦးနှင့် မာမက်အာယွန်း (ခ) မနီတို့ နှစ်ဦးသည် အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားခဲ့ပြီး ဇွဲဝေယံထက်မှာမူ သေနတ်ဒဏ်ရာရရှိကြောင်း မြို့ခံများက ဆိုသည်။
အဆိုပါ LGBT သုံးဦးသည် ဆိုင်ကယ်ဖြင့် လှိုင်ရပ်ကွက် ပွဲဈေးတန်းမှ ပြန်လာချိန် အမျိုးသားနှစ်ဦးက ဆိုင်ကယ်ဖြင့် အနောက်က လိုက်လာပြီး ၎င်းတို့ ဖွင့်လှစ်ထားသည့် အလှပြင်ဆိုင်ရှေ့အရောက်တွင် သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း ရပ်ကွက်နေသူတစ်ဦးက ပြောဆိုသည်။
“သူတို့က ပွဲစျေးကနေ ပြန်လာတာ သူတို့ အနောက်ကနေ ဆိုင်ကယ်နဲ့ လူနှစ်ယောက်လိုက်လာတယ်။ သူတို့လည်း ဆိုင်ရှေ့ရောက်တော့ ဆိုင်ကယ်ကနေ ဆင်းတဲ့အချိန်မှာ သေနတ်နဲ့ ဝင်ပစ်သွားတာ။ နှစ်ယောက်ကတော့ ပစ်ခံရတဲ့ နေရာမှာပဲ သေသွားတယ်။ တစ်ယောက်တော့ ထွက်ပြေးရင်း အပစ်ခံရတာ” ဟု ၎င်းက ပြောသည်။
ဒဏ်ရာရရှိထားသည့် ဇွဲဝေယံထက်မှာ ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း မြို့ခံများထံမှ သိရသည်။
ရဲတပ်ဖွဲ့နှင့် နီးစပ်သူတို့၏အဆိုအရ အခင်းဖြစ်ပွားရာ နေရာတွင် 9 mm အမျိုးအစား ကျည်ခွံ ၄ ခု နှင့် 9 mm ကျည်ထပ်ဖူးတစ်ခု တွေ့ရှိထားကြောင်း သိရသည်။
အဆိုပါ LGBT သုံးဦးကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ကိုမူ မသိရသေးပေ။
စစ်အာဏာသိမ်းပြီးနောက် မော်လမြိုင်အပါအဝင် မွန်ပြည်နယ်အတွင်း သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံရသည့် ဖြစ်စဉ် မကြာခဏဖြစ်ပွားနေသည်။







