BREAKING
November 10, 2025

ထိုင်းက မြန်မာ ၉၀ ဦးကို နေရပ်ထပ်ပို့၊ ယခုလဆန်း ၁၀ ရက်အတွင်း ၁၄၀ နီးပါး မြန်မာနိုင်ငံပြန်ပို့ထား

November 10, 2025

ဓာတ်ပုံ - ပေးပို့

စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် အဓမ္မစစ်သားစုဆောင်းနေချိန် ထိုင်းနိုင်ငံ ရနောင်းထိန်းသိမ်းရေးစခန်းမှ မြန်မာနိုင်ငံသား ၉၀ ဦးကို ကော့သောင်းဘက်သို့ ယနေ့ ထပ်မံလွှဲပြောင်းပေးလိုက်ကြောင်း ကိုယ်တိုင်လိုက်ပါပို့ဆောင်သော မြန်မာနိုင်ငံသားထံမှ သိရသည်။

နိုဝင်ဘာလ ၅ ရက်က မြန်မာနိုင်ငံသား ၄၇ ဦးကို နေရပ်ပြန်ပို့ခဲ့ပြီးနောက် ယခုလအတွင်း ဒုတိယအကြိမ်မြောက် ထပ်မံနေရပ်ပြန်ပို့ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ယခုနိုဝင်ဘာလအတွင်း နေရပ်ပြန်ပို့ခံရသော မြန်မာနိုင်ငံသား ၁၃၇ ဦး ရှိပြီဖြစ်သည်။

ယနေ့ နိုဝင်ဘာလ ၁၀ ရက် နေ့လယ် ၁၁ နာရီခွဲက ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးနောက် ရနောင်းထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသော မြန်မာနိုင်ငံသား အမျိုးသား ၇၅ ဦး၊ အမျိုးသမီး ၁၅ ဦး စုစုပေါင်း ၉၀ ဦးကို ကော့သောင်းမြို့သို့ ထပ်မံလွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။

ယခုနေရပ်ပြန်ပို့မှုသည် ၂၀၂၅ ခုနှစ်အတွင်း ၁၄ ကြိမ်မြောက် ဖြစ်ပြီး ယခုနှစ်အတွင်း နေရပ်ပြန်ပို့ခံရသူ ၁၈၉၇ ဦး ရှိလာပြီဖြစ်သည်။

ယခုနှစ် ဇန်နဝါရီလတွင် ၁၄၉ ဦး၊ ဖေဖော်ဝါရီလတွင် ၂၀၀ ဦး၊ မတ်လတွင် ၂၅၀ ဦး၊ ဧပြီလတွင် ၂၀၈ ဦး၊ မေလတွင် ၈၁ ဦးနှင့် ဇွန်လ ၂၅ ရက်နေ့က ၁၃၁ ဦး၊ ဇွန်လ ၃၀ ရက်နေ့က ၉၈ ဦး၊ ဇူလိုင်တွင် ၁၆၂ ဦး၊ ဩဂုတ်လတွင် ၉၉ ဦး၊ စက်တင်ဘာလတွင် ၂၉၂ ဦး၊ အောက်တိုဘာလတွင် ၉၀ ဦး လွှဲပြောင်းခဲ့ပြီးဖြစ်သည်။

ပြီးခဲ့သော ၂၀၂၄ ခုနှစ်အတွင်း ရနောင်းထိန်းသိမ်းရေးစခန်းမှ ကော့သောင်းသို့ ပြန်လွှဲပြောင်းပေးမှုအကြိမ်ရေ စုစုပေါင်း ၁၄ ကြိမ်အထိ ရှိခဲ့ကြောင်း မြန်မာနိုင်ငံသား ၂၀၀၅ ဦး အထိ ပြန်လည်ပို့ဆောင်ခဲ့သည်။

နေရပ်ပြန်ပို့မည့် မြန်မာနိုင်ငံသားများကို ရနောင်း ခေါင်နန်းဟောင်မီးပြတိုက်လမ်းမှတစ်ဆင့် ကော့သောင်းဘက်သို့ စက်လှေများဖြင့် လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီကလည်း နေရပ်ပြန်လည်ပို့ဆောင်လာသူများကို စစ်မှုထမ်းအသက်တွင် အကျုံးဝင်ပါက ဖမ်းဆီးခေါ်ဆောင်မှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း စစ်မှုထမ်း စုဆောင်းခံရသူများထံမှ သိရသည်။