BREAKING
November 10, 2025

တရားမဝင်ဝင်လာသည့် မြန်မာများပါလာသောကား ကန်ချနဘူရီတွင် ဓာတ်တိုက်ဝင်တိုက်၍ ၂၁ ဦး ဒဏ်ရာရ

November 10, 2025

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် ကားတိုက်မှုကြောင့် တရားမဝင် ဝင်လာသော မြန်မာနိုင်ငံသား ၂၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားချက်အရ သိရသည်။

နိုဝင်ဘာလ ၉ ရက်‌ နေ့လယ် ၁ နာရီခန့်က စန်ခရာဘူရီဒေသတွင် မြန်မာနိုင်ငံသားများ ပစ်ကပ်ကားဖြင့် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာစဉ် လမ်းရှိ စစ်ဆေးရေးဂိတ်မှ အာဏာပိုင်များက ရပ်တန့်စစ်ဆေးခံရန် အချက်ပြခဲ့သည်။

ကားသည် စစ်ဆေးရေးဂိတ်တွင် မရပ်တန့်ဘဲ စန်ခရာဘူရီ-ထိုးဖားဖုမ်းလမ်းတစ်လျှောက် မောင်းနှင်ထွက်ပြေးစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးဓါတ်တိုင်ကို ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။

ကားတိုက်မှုကြောင့် ကားပေါ်ပါ မြန်မာနိုင်ငံသား အမျိုးသား ၄ ဦး၊ အမျိုးသမီး ၁၇ ဦး စုစုပေါင်း ၂၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် ၃ ဦးမှာ ဒဏ်ရာပြင်းထန်ခဲ့သည်ကို တွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။

ဒဏ်ရာပြင်းထန်သူများကို ကယ်ဆယ်ရေးအဖွဲ့များက ရှေးဦးကုသပေးခဲ့ပြီး စန်ခရာဘူရီဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြသည်။

မြန်မာနိုင်ငံသားများက ရန်ကုန်မှလာကြပြီး ဘုရားသုံးဆူမှတစ်ဆင့် စန်ခရာဘူရီဒေသသို့ တရားမဝင် ဝင်ရောက်လာခဲ့သူများဖြစ်ကြောင်း ဖြေကြားချက်ကို ဖော်ပြသည်။

ကားတိုက်မှုဖြစ်စဉ်ကို ကားသမားက အကြောင်းကြားခဲ့ပြီးနောက် တောထဲသို့ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း ဖော်ပြသည်။

လက်ရှိတွင် ဒဏ်ရာအနည်းငယ်ရရှိသူများကို ဆေးကုသစေပြီးနောက် ရဲစခန်းကို ခေါ်ယူ စစ်ဆေးမေးမြန်းကာ ဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

Ref: Kanchanaburi News, MGR Online, Thairath