ကိုယ်နေတဲ့ပတ်၀န်းကျင်မှာ ပုစဥ်းလေးတွေ အမြဲတွေ့နေရတယ်ဆိုရင်တော့ သန့်ရှင်းတဲ့ ပတ်၀န်းကျင်မှာ နေနေရတယ်လို့ ချေလို့ရပါပြီ။
ဘာြဖစ်လို့လဲဆိုတော့ ပုစဥ်းလေးတွေဟာ လေသန့်သန့်၊ ရေသန့်သန့်မှာပဲ နေတတ်ကြတယ်။ မသန့်ရှင်းတဲ့ နေရာဆိုရင် မရှင်သန်ချင်တဲ့၊ မရှင်သန်နိုင်တဲ့ ခပ်ချေချေမျိုးစိတ်တွေမို့ပါ။
သည်နေ့ခေတ်ကလေးတွေနဲ့ လူငယ်အချို့ဟာ ပုစဥ်းလေးတွေကို မြင်ဖူးကြဖို့ ခက်ခဲလာကြပါပြီ။ ကျမတို့လို လေးဆယ်ကျော်တန်းတွေအတွက်ကတော့ ပုစဥ်းတွေကို လိုက်ဖမ်းဖူးတဲ့ မှတ်ဥာဏ် ကိုယ်စီရှိနေကြမှာပါ။ကျေးလက်မှာ ကြီးခဲ့တဲ့သူတွေဆိုရင်တော့ ပုစဥ်းနဲ့ ပတ်သက်တဲ့ အမှတ်တရတွေ ပိုရှိပါလိမ့်မယ်။
ကျမငယ်ငယ်တုန်းက ပုစဥ်းလေးတွေနဲ့ကြီးလာတာပါ။ ကျမနေခဲ့တဲ့ ရွာလေးရဲ့ အိမ်ခြံ၀င်းတွေရဲ့ အနောက်ဘက် မြေကွက်တွေမှာ ကျမတို့ အခေါ် တံမြက်စည်းပင်တွေပေါက်ကြတယ်။ အညာဘက်မှာလည်း တံမြက်စည်းပင်လို့ခေါ်ကြပြီး သူ့နာမည်ကတော့ ရွှေတံတိုင်းပင်ပါ။
ရွှေတံတိုင်းပင်ဟာ အရွက်ချွန်ချွန် အပွင့်၀ါသေးသေးလေးတွေပွင့်ကြပြီး အပင်ကိုနှုတ် အရိုးကျန်တဲ့အထိ အခြောက်လှမ်းပြီး မြေကြီးလှည်းတဲ့ တံမြတ်စည်းလေးတွေလုပ်ကြပါတာပေါ့။ ကျမတို့ဘက်က အိမ်ခြံတွေက သူတို့ခြံထဲကမြေကြီးကို ပြောင်နေအောင်လှည်းထားတတ်တာကို ဂုဏ်ယူကြတယ်။
မိုးဦးမှာဆို တံမြက်စည်းအပင်ပေါက်လေးတွေ အပြိုင်းပြိုင်း ထွက်လာကြပြီး သီတင်းကျွတ်လို ပုစဥ်းတွေ လိပ်ပြာတွေမြူးတတ်တဲ့ ပွင့်လင်းရာသီမှာ အပွင့်လေးတွေပွင့်ကြတယ်။
၀ါ၀ါ သေးသေးအပွင့်လေးတွေကို ပုစဥ်းနဲ့ လိပ်ပြာလေးတွေ အရမ်းကြိုက်ကြလို့ သီးတင်းကျွတ်ကာလမှာဆိုရင် သူတို့က အပင်တွေနားမှာ ပလူပျံနေတတ်တယ်။
ဒါကြောင့် သီတင်းကျွတ် ကျောင်းပိတ်ရက်တွေမှာ ကျမတို့ ကလေးတစ်သိုက်ဟာ ပုစဥ်းတွေကို တံမြက်စည်း အပင်အုပ်ထဲ၀င်ပြီး လိုက်ဖမ်းကြတော့တာပဲ။
ခေါင်းကြီးကြီး အတောင်ပံပါးပါး အကျားကွက်လေးတွေပါတဲ့ ရုပ်ဆိုးဆိုး ပုစဥ်းကြီးတွေ၊ သူတို့ထက်နည်းနည်း ပိုကြီးတဲ့ ရဟတ်ယာဥ်ပုံစံနဲ့ ဖိုက်တာပုံပေါက်နေတဲ့ လေးတွေကို ကျမတို့ကလေးတွေက စိတ်မ၀င်စားဘူး။
အမှီးရှည်ရှည် ခေါင်းသေးသေး မော်ဒယ်လို ပိန်ပိန်သွယ်သွယ် ခန္ဓာကိုယ်ဟန်ချက်ညီတဲ့ အစိမ်း၊ အနီ၊အပြာ၊ လိမ္မော်ရောင် တောက်တောက် ပုစဥ်းလေးတွေက ကျမတို့ ကလေးတွေကို အများကြီးဖမ်းစားထားတယ်။
အပင်တွေကြားမှာ ပုစဥ်းတွေကိုဖမ်း၊ အမြီးကို အုန်းလက်ကြိုးပါးပါးလေးနဲ့ချည်၊လေထဲလွှတ်ပြီး ပြန်ခိုင်း၊အနောက်က တရုန်းရုန်းနဲ့ ပြေးလိုက်၊ မောလာရင် ပုစဥ်းလေးတွေကို ချည်ထားတဲ့ကြိုး ဖြေပေးပြီး ပြန်လွှတ်ပေး၊ သည်လိုနဲ့ ပုစဥ်းတွေနဲ့ လက်ပွန်းတတီး ဆော့ခဲ့ကြတာပေါ့။
အထူးသဖြင့် ခြေသံလုံအောင် ခြေဖျား ဖွဖွလေးနင်းပြီး ပုစဥ်းတွေနားချည်းကပ်ရတာက ရင်ခုန်စရာကောင်းတာကို။ အသံလည်းမထွက်ရဲကြဘူး။
လိမ္မော်တောက်တောက် ပုစဥ်းလေးကို မိခါနီးမှ ပျံထွက်သွားလို့ မချင့်မရဲ ပြုံးနေမိတဲ့ မြင်ကွင်းကို ကျမအခုချိန် ထိမှတ်မိနေတုန်းပဲ။
အခုခေတ်ကလေးတွေကတော့ သည်ခံစားချက်ကို ရဖို့ခက်ခဲသွားကြပါပြီ။
ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ပတ်၀န်းကျင်မှာ ပုစဥ်းတွေကို တွေ့ရဖို့ အရင်လောက်မလွယ်ကူတော့ပါဘူး။
အဲသည်ခေတ်တုန်းကတော့ ပုစဥ်းတွေဟာ ကျမတို့ မြေပေါ်မှာ လေထဲမှာ ရေထဲမှာ အတော်ပေါများခဲ့တဲ့ မျိုးစိတ်တစ်ခုဖြစ်ခဲ့ပါတယ်။
ပုစဥ်းနဲ့ ပတ်၀န်းကျင်အညွှန်းကိန်း
ကျမအပေါ်မှာညွှန်းခဲ့သလို အရမ်းချေတဲ့ ပုစဥ်းတွေဟာ ဘယ်နေရာမဆို ရှင်သန်နိုင်တဲ့မျိုးစိတ် တွေမဟုတ်ပါဘူး။
သူတို့ဟာ Wetland လို့ခေါ်တဲ့ ရေစပ်စပ် ရေ၀ပ်ဒေသတွေ၊ ရေကန်တွေ၊ စမ်းချောင်းတွေမှာသာ အများဆုံးသားဖောက်ရှင်သန်ကြတယ်။
သူတို့သားပေါက်ဖို့ “ဥ” ဥချတဲ့ ရေအိုင်၊ ရေကန်တွေကလည်း သန့်ရှင်းနေမှ ကြိုက်တာပါ။ ဒါ့အပြင် လေသန့်သန့် ရေသန့်သန့် ပတ်၀န်းကျင်ကိုလည်းကြိုက်ကြသေးတယ်။
သူတို့ သက်တမ်းကတော့ အရမ်းမရှည်ကြပါဘူး။ တစ်ပတ်နှစ်ပတ်ကနေ တချို့ ပုစဥ်းတွကတော့ လနဲ့ ချီပြီး သက်တမ်းရှည်ကြပါတယ်။ ဒါပေမယ့် ရေထဲမှာတော့ သားလောင်းအဆင့်ကနေ ပုစဥ်းကောင်မဖြစ်ခင်အထိ အရေခွံအကြိမ်ကြိမ်လဲကြတဲ့ သားလောင်းဘ၀မှာ နှစ်နဲ့ချီပြီး အသက်ရှင်နိုင်ကြပါတယ်။
တွေ့ရှိခဲ့တဲ့ ရုပ်ကြွင်းတွေအရ ပုစဥ်းတွေဟာ ရှေးနှစ်သန်းပေါင်း ၃၀၀ ကျော် ဒိုင်နိုဆောတွေ မပေါ်ခင်ကတည်းက ရှိခဲ့တဲ့ အင်းဆက်တစ်မျိုးဖြစ်တယ်။
မြန်မာနိုင်ငံမှာတော့ နှစ်သန်း ၁၀၀ လောက်ရှိတဲ့ “Mesosticta davidattenboroughi” လို့အမည်ပေးထားတဲ့ ရှေးဟောင်း ပုစဉ်းရုပ်ကြွင်းကို ကချင်ပြည်နယ်ကထွက်တဲ့ ပယင်းထဲမှာ သိပ္ပံပညာရှင်တွေက ၂၀၂၀ မတိုင်ခင်က တွေ့ရှိခဲ့တာဖြစ်ပါတယ်။
သည်နေ့ခေတ်လို ရေထုလေထု တဖြည်းဖြည်း ညစ်ညမ်းလာတဲ့ ပတ်၀န်းကျင်တွေမှာ သူတို့ကို တွေ့ဖို့ ခက်သွားပါပြီ။
ဒါကြောင့် ပုစဥ်းတွေကို သဘာ၀ပတ်၀န်းကျင်သန့်ရှင်းမှုကို တိုင်းတာတဲ့ မျိုးစိတ်တွေလို့လည်း သတ်မှတ်ကြပါသေးတယ်။
ပုစဥ်းတွေရှိနေတယ်ဆိုရင် အဲသည်ပတ်၀န်းကျင်ရဲ့ဂေဟစနစ်ဟာ သန့်ရှင်းနေတယ်၊ ကျန်းမာနေတယ်လို့ မှတ်ယူနိုင်ပြီး ပုစဥ်းတွေကို အရင်လို မတွေ့ရတော့ဘူးဆိုရင်တော ကိုယ့်ပတ်၀န်းကျင်ဟာ ညစ်ညမ်းနေပြီးလားလို့ သတိပြုရတော့မှာပါ။
ပုစဥ်းတွေက ပတ်၀န်းကျင်ကို ဘယ်လိုအကျိုးပြုလဲ

ကျမတို့လူတွေဆီမှာ ငှက်ဖျား၊ သွေးလွန်တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေကို သယ်ဆောင်တတ်တဲ့ ခြင်တွေကိုစားပေးပါတယ်။ ပုစဥ်းတစ်ကောင်ဟာ တစ်နေ့ကို ခြင်အကောင်ရေ ၃၀ ကနေ တစ်ရာနီးပါးလောက် စားနိုင်ပါတယ်။
ရေထဲက ပုစဥ်းပိုးလောင်းကောင်တွေဟာ ခြင်ပိုးလောင်းကောင်တွေကိုလည်း ပြန်စားပေးတဲ့အတွက် ကိုယ့်ပတ်၀န်းကျင်မှာ ခြင်ပေါက်ဖွားတာကနေ ကာကွယ်ပေးပါတယ်။
ဒါ့အပြင် လေထဲက လူတွေနဲ့တောင်သူတွေကို ခြိမ်းခြောက်တတ်တဲ့ မှတ်၊ ဖလံနဲ့ အင်းဆက်ပိုးတချို့ကိုလည်း ပုစဥ်းတွေက ဖမ်းယူစားသောက်ပေးသေးတယ်။
ပုစဥ်းတစ်ကောင်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးမှာ အကြီးဆုံးအပိုင်းက ခေါင်းဖြစ်ပြီး သူ့ခေါင်းကိုသေချာကြည့်လိုက်ရင် စုပေါင်းမျက်လုံးများစွာနဲ့ ဖွဲ့စည်းထားတာတွေ့ရလိမ့်မယ်။
သူတို့ရဲ့ အမြင်အာရုံဟာစူးရှတယ်။ ဒါကြောင့် ကျမတို့ ငယ်ငယ်က ပုစဥ်းကိုဖမ်းတိုင်း မမိကြတာကို။
သားကောင်တွေကို ဖမ်းတဲ့ နေရာမှာလည်း လျင်မြန်ဖျတ်လတ်ကြတယ်။ လေထဲမှာလည်းအကြာကြီး ပျံသန်းနိုင်ကြပြီး သားကောင်တွေရဲ့ လှုပ်ရှားမှုကို သေချာချိန်ဆ ဖမ်းယူတိုက်ခိုက်နိုင်တဲ့အတွက် သူတို့တိုက်ခိုက်မှုက ၉၅ ကနေ ၁၀၀ ရာခိုင်နှုန်းနီးပါးအထိ အောင်မြင်တတ်တယ်။
သူတို့ရဲ့ ခေါင်းကြီးကိုယ်ရှူးပုံစံတွေကြောင့် ပုစဥ်းတွေကို ရဟတ်ယာဥ်တွေနဲ့ တင်စားခေါ်ကြပြီး သည်နေ့ တော်လှန်ရေးကာလမှာ ရဟတ်ယာဥ်တွေလာပြီးဆိုရင် “ပုစဥ်းတွေလာပြီး” “ပုစဥ်းတွေကင်တယ်”ဆိုတဲ့ ဘန်းစကားတွေ ထွက်လာတာဖြစ်တယ်။
ဒါပေမယ့် တကယ့် ပုစဥ်းတွေကတော့ လူတွေကို ဒုက္ခမပေးဘဲအကျိုးပေးတဲ့ ကောင်တွေပါ။
ပုစဥ်းတွေ ဘာကြောင့် ရှားလာကြလဲ..
သူတို့နေထိုင်ရာ ရေအိုင်ကြည်ကြည်သန့်သန့် တွေမရှိတော့တာ၊ နေထိုင်ရာနေရာ ပျောက်လာတာ၊ လေထုတွေပိုညစ်ညမ်းလာတာနဲ့ ရာသီဥတုပြောင်းလဲမှုရဲ့ အကျိုးဆက်တွေကြောင့်ပုစဥ်းတွေရှားပါးလာပါတယ်။
လူတွေက သစ်တောတွေ ခုတ်ထွင်လာကြတာ၊ သဘာ၀သစ်တောတွေခုတ်ပြီး စိုက်ပျိုးရေးတွေတိုး ချဲ့လုပ်လာတာနဲ့ မြို့ပြတွေတိုးချဲ့လာတာတွေဟာလည်း ပုစဥ်းတွေရဲ့ နေထိုင်ရာ နေရာကိုခြိမ်းခြောက်လာတယ်။
စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးတွေနဲ့ ရေထုကိုညစ်ညမ်းစေတဲ့ ဓါတုပစ္စည်းတွေ ပိုအသုံးပြုလာကြတဲ့အတွက် ရေထုညစ်ညမ်းလာပြီး ပုစဥ်းတွေရဲ့ “ဥ” ဥချနိုင်တဲ့ နေရာနဲ့အစားအစာတွေ ရှားပါးလာစေတယ်။
ရာသီဥတု ပြောင်းလဲမှုကြောင့် ပုစဥ်းတွေရဲ့ သားပေါက်နှုန်းကို ထိခိုက်စေပြီး အပူချိန်မြင့်မားလာတာနဲ့အမျှ ရေအိုင်တွေနဲ့ ပုစဥ်းတွေကြိုက်တဲ့ ရေ၀ပ်ဒေသတွေ ခမ်းခြောက်လာတယ်။
ဒါ့အပြင်သူတို့နေထိုင်ရာဒေသကို အခြားဒေသမှ ကျူးကျော်မျိုးစိတ်တွေရောက်လာတဲ့အတွက်လည်း သူတို့လျှော့နည်းလာတာဖြစ်ပါတယ်။
ပုစဥ်းတွေကို ဘယ်လိုထိန်းသိမ်းကြမလဲ
ပုစဥ်းတွေ မျိုးမတုန်းသွားအောင် ကျမတို့ ထိန်းသိမ်းလို့ရပါတယ်။ ကိုယ့်ပတ်၀န်းကျင်ကို သူတို့နေထိုင်တတ်တဲ့ ရေသန့်သန့်၊ လေသန့်သန့် ပတ်၀န်းကျင်ဖြစ်အောင် ထိန်းသိမ်းစောင့်ရှောက်ပေးဖို့လိုပါတယ်။
ကိုယ့်ပတ်၀န်းကျင်မှာ သဘာ၀အလျှောက်ပေါက်နေတတ်တဲ့ အပင်တွေ မခုတ်ပစ်ဖို့ အရေးကြီးပါတယ်။ ပုစဥ်းတွေ၊ လိပ်ပြာတွေဟာ ဒေသမှာပေါက်တတ်တဲ့ သဘာ၀ တောရိုင်းပင်တွေ၊ ပန်းပင်တွေကို ကြိုက်နှစ်သက်ကြတယ်။ ဒါကြောင့် တန်းဖိုးမရှိဘူး၊ မလှဘူးဆိုပြီးတော့ သဘာ၀ တောပင်တွေ၊ ပန်းပင်တွေကို မခုတ်ပစ်ဖို့ အရေးကြီးတယ်။ အထူးသဖြင့် လမ်းဘေးမှာ အလေ့ကျပေါက်တတ်တဲ့ ပန်းပင်တွေဟာ ပုစဥ်းတွေ ကြိုက်တဲ့ အပင်တွေဖြစ်တယ်။
ကိုယ့်ပတ်၀န်းကျင်မှာ သဘာ၀ အလျှောက်ဖြစ်နေတတ်တဲ့ ရေအိုင်လေးတွေ၊ စမ်းချောင်းလေးတွေ မခမ်းခြောက်သွားအောင် ထိန်းသိမ်းပေးဖို့လိုအပ်ပြီး ပိုးသတ်ဆေးနဲ့ ဓါတုပစ္စည်းတွေကြောင့် မညစ်ညမ်းအောင်လည်း ဂရုစိုက်ဖို့လိုတယ်။
ဒေသမျိုးရင်းမျိုးစိတ်တွေကို ပုစဥ်းတွေရဲ့အစာဖြစ်တဲ့ အင်းဆက်တွေကနှစ်သက်ကြတဲ့အတွက် ကိုယ့်ပတ်၀န်းကျင်မှာ အခြားဒေသက အပင်မျိုးစိတ်တွေ စိုက်ပျိုးတာထက် ကိုယ့် ဒေသရဲ့အပင်မျိုးစိတ်တွေကိုပဲ ဆက်လက်ထိန်းသိမ်းထာဖို့လိုတယ်။
ပုစဥ်းတွေရှင်သန်ဖို့ဆိုရင် ပတ်၀န်းကျင်မှာ ရေ၊လေ၊မြေ သန့်သန့်ဖြစ်ဖို့ လိုအပ်တဲ့အတွက် ကျမတို့ ပတ်၀န်းကျင်ကို ညစ်ညမ်းမှုမဖြစ်အောင် ဂရုစိုက်နေထိုင်တာကလည်း ပုစဥ်းတွေကို ထိန်းသိမ်းစောင့်ရှောက်တာနဲ့အတူတူပါပဲ။
သည်လိုထိန်းသိမ်းမှုတွေ မလုပ်တဲ့အတွက် ပုစဥ်းတွေ မရှိတော့ဘူးဆိုရင် ကျမတို့လည်း ပတ်၀န်းကျင်သန့်သန့်မှာနေနေရတယ်ဆိုပြီးတော့ ချေနိုင်တော့မှာမဟုတ်ပါဘူး။
ရွာသူ
Reference
https://british-dragonflies.org.uk/odonata/species-and-identification/
https://www.treehugger.com/things-you-never-knew-about-dragonflies-4864302







