BREAKING
October 19, 2025

ကျိုက်ထိုတွင် စစ်အာဏာရှင်တပ် လေယာဉ်ဖြင့် ဗုံးကြဲ၊ အရပ်သားတစ်ဦးသေဆုံးပြီး ငါးဦးထက်မနည်းဒဏ်ရာရ

August 10, 2025

ပုံစာ - စစ်အာဏာရှင်တပ် လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပိန္နဲကုန်းကျေးရွာက နေအိမ် ထိခိုက်ပျက်စီးမှု။ ဓာတ်ပုံ - ဒေသခံတစ်ဦး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ပိန္နဲကုန်းကျေးရွာကို စစ်အာဏာရှင်တပ်က သြဂုတ်လ ၉ ရက် နံနက်ပိုင်း လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် အရပ်သားတစ်ဦးသေဆုံးပြီး ငါးဦး ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံများက ပြောသည်။

နံနက် ၉ နာရီခန့်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပိန္နဲကုန်းကျေးရွာထဲကို ဂျက်ဖိုက်တာဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။

ထို့ကြောင့် ပိန္နဲကုန်းကျေးရွာနေ အသက် အသက် ၆၂ နှစ်အရွယ် ဦးကျော်သိန်း သေဆုံးပြီး ကိုအောင်ဖြိုးဝေ၊ ကိုဖြိုးကြီး၊ ကိုအောင်စိုးမိုးအပါအဝင် ကျေးရွာသား ငါးဦးထက်မနည်းလည်း ဒဏ်ရာရကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။

“တိုက်လေယာဉ်နဲ့ ဗုံးလာကြဲသွားတယ် ရွာထဲကို။ ရွာမှာက ဘာတိုက်ပွဲမှလည်း ဖြစ်တာမရှိပါဘူး။ အဲဒီမှာ သက်ကြီးပိုင်း အမျိုးသားတစ်ယောက်ကတော့ ဆုံးသွားတယ်။ ကျန်တာကတော့ ဒဏ်ရာရကြတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူထိခိုက်သေဆုံးမှုရှိသည့်အပြင် နေအိမ်နှင့် ကားများလည်း ထိခိုက်ပျက်စီးမှုရှိကြောင်း ဒေသခံများထံမှ သိရသည်။

ပိန္နဲကုန်းကျေးရွာက ဒေသခံများလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ၎င်းတို့က ဆိုသည်။

စစ်အာဏာရှင်တပ်က ကျိုက်ထိုမြို့နယ်အတွင်းရှိ ကျေးရွာများကို လေကြောင်းဖြင့် မကြာခဏ တိုက်ခိုက်နေသည့်အပြင် ဒေသတွင်း အခြေစိုက်တပ်စွဲထားသည့် စစ်အာဏာရှင်တပ်ရင်း၊ တပ်စခန်းများကလည်း လက်နက်ကြီးဖြင့် နေ့တိုင်းနီးပါး ပစ်ခတ်နေကြောင်း ဒေသခံများက ပြောဆိုသည်။

လေကြောင်းဖြင့် မကြာခဏ တိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ စစ်ကြောင်းထိုးဝင်ရောက်လာခြင်းတို့ကြောင့် ထောင်နှင့်ချီသည့် ကျိုက်ထိုဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။