BREAKING
October 20, 2025

ကန်ချနဘူရီတွင် တရားမဝင် ဝင်လာသော မြန်မာ ၁၀ ဦး ဖမ်းဆီးခံရ

July 10, 2025

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၁၀ ဦးနှင့် မြန်မာကားသမားတစ်ဦး ဖမ်းဆီးခံရကြောင်း ဗဟိုစုံစမ်းစစ်ဆေးရေးဌာန (CIB) က ထုတ်ပြန်သည်။

ယနေ့ ဇူလိုင်လ ၁၀ ရက်နေ့က ကန်ချနဘူရီခရိုင် စိုင်ယွတ်-ကန်ချနဘူရီ အမှတ် ၃၂၃ အဝေးပြေးလမ်းမပေါ်တွင် မသင်္ကာစရာ ပစ်ကပ်ကားတစ်စီးကို တွေ့ရှိခဲ့သဖြင့် CIB ရဲတပ်ဖွဲ့က ရပ်ရန်အချက်ပြခဲ့သော်လည်း ကားကမရပ်ပေးဘဲ မောင်းပြေးခဲ့သည်။

ရဲတပ်ဖွဲ့က နောက်ကလိုက်လံဖမ်းဆီးရာ ကန်ချနဘူရီမြို့ထဲရှိ လမ်းအဆုံးတစ်နေရာတွင် ကားနှင့်အတူ မြန်မာနိုင်ငံသားများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ကားကို ကိုနိုင်ဦးဆိုသူက မောင်းလာခြင်းဖြစ်ပြီး ကားပေါ်တွင် မြန်မာနိုင်ငံသား ၁၀ ဦး လိုက်ပါလာဟုဆိုသည်။ ကိုနိုင်ဦးနှင့် ပတ်သက်သည့် အချက်အလက်များကို ထုတ်ပြန်ချက်တွင် အသေးစိတ် မဖော်ပြထားသဖြင့် မသိရသေးပေ။

မြန်မာနိုင်ငံသားများတွင် နိုင်ငံကူးလက်မှတ် သို့မဟုတ် နေထိုင်ခွင့် စာရွက်စာတမ်းများ မတွေ့ရကြောင်း ဘုရားသုံးဆူနယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်လာကြပြီး တစ်ဦးလျှင် ခရီးစရိတ် ဘတ် ၁၃၀၀၀ ပေးရကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသားများကို စန်ခရာဘူရီဒေသမှတစ်ဆင့် ကန်ချနဘူရီမြို့ထဲသို့ ခေါ်ဆောင်ပေးရန် ဘုရားသုံးဆူရှိ ပွဲစားတစ်ဦးက ဘတ် ၁၀၀၀၀ ဖြင့် ငှားရမ်းခဲ့၍ ပို့ဆောင်ပေးခြင်းဖြစ်ကြောင်း ကိုနိုင်ဦးက ရဲတပ်ဖွဲ့ထံ ဖြေကြားထားသည်။

မြန်မာနိုင်ငံသားများကို တစ်လလျှင် နှစ်ကြိမ်ခန့် ပို့ဆောင်ပေးနေခြင်းဖြစ်ပြီး ယခုနှစ် ဇန်နဝါရီလကတည်းက လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ကိုနိုင်ဦး၏ ဖြေကြားချက်ကို ဖော်ပြသည်။

လက်ရှိတွင် ကိုနိုင်ဦးကို တရားမဝင် နိုင်ငံခြားသားများကို ကူညီပို့ဆောင်ပေးမှုနှင့် မြန်မာနိုင်ငံသားများကို တရားမဝင် ဝင်ရောက်မှုဖြင့် အမှုဖွင့်ထားပြီး လတ်ရရဲစခန်းသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ပြီးခဲ့သော ဇွန်လက ထိုင်းနိုင်ငံထဲသို့ တရားမဝင် ဝင်ရောက်လာမှုကြောင့် မြန်မာနိုင်ငံသား ၄၅၀ ကျော်အထိ ဖမ်းဆီးခံရကြောင်း ရရှိထားသော ချက်အလက်များအရ သိရသည်။

Ref: CIB