ထိုင်းနိုင်ငံတောင်ပိုင်း စွန်ခရာခရိုင် ဟတ်ယိုင်ဒေသရှိ လုပ်ငန်းခွင်များထဲတွင် တရားမဝင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ၁၄ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဇွန်လ ၉ ရက်နေ့က ထုတ်ပြန်သည်။
စွန်ခရာခရိုင် ဟတ်ယိုင်ဒေသရှိ လုပ်ငန်းခွင်များထဲတွင် နိုင်ငံခြားသားများ တရားမဝင် လုပ်ကိုင်မှုမရှိရေး ထိုင်းအလုပ်သမားဝန်ကြီးဌာနအဖွဲ့က ဇွန်လ ၅ ရက်နေ့နှင့် ၆ ရက်နေ့များတွင် ကွင်းဆင်းစစ်ဆေးစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။
အထူးသဖြင့် ထိုင်းအနှိပ်သည်လုပ်ငန်း၊ ဖုန်းအရောင်းဆိုင်များ၊ စတိုးဆိုင်၊ ဟင်းသီးဟင်းရွက်ဆိုင်၊ အသားဆိုင်နှင့် ဆောက်လုပ်ရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။
ဖမ်းဆီးခံရသူများတွင် အမျိုးသား ၆ ဦး၊ အမျိုးသမီး ၈ ဦး စုစုပေါင်း မြန်မာနိုင်ငံသား ၁၄ ဦးပါဝင်ကြောင်း သိရသည်။
၎င်းတို့အနက် ၁၂ ဦးသည် အလုပ်လုပ်ခွင့်လက်မှတ်များရှိသော်လည်း အနှိပ်သည်၊ ဈေးသည်ကဲ့သို့သော တားမြစ်အလုပ်များတွင် ဝင်ရောက်လုပ်ကိုင်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ထိုင်းသတင်းတွင် ဖော်ပြထားသည်။
နောက်ထပ် ၂ ဦးသည် အလုပ်လုပ်ခွင့်လက်မှတ်မရှိပဲ လုပ်ကိုင်နေသည်ကို တွေ့ရှိခဲ့ကြောင်းဖော်ပြသည်။
အားလုံးကို ဟတ်ယိုင်ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး လုပ်ပိုင်ခွင့်ထက်ကျော်လွန်လုပ်ကိုင်မှု၊ တရားမဝင် အလုပ်လုပ်ကိုင်မှုများဖြင့် အမှုဖွင့် အရေးယူထားကြောင်း ဖော်ပြသည်။
မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံထဲတွင် အလုပ်လုပ်ခွင့်လက်မှတ်မရှိပဲ အလုပ်လုပ်ခွင့်မရှိသကဲ့သို့ ကုန်စည်ပို့ဆောင်ရေး၊ အလှပြင်၊ အနှိပ်သည်၊ ဆံပင်ညှပ်၊ ဧည့်လမ်းညွှန်စသော တားမြစ်အလုပ်များကိုလည်း ဝင်ရောက်လုပ်ပိုင်ခွင့်မရှိပေ။
အကယ်၍ စစ်ဆေးတွေ့ရှိပါက ဒဏ်ငွေ ဘတ် ၅၀၀၀ မှ ၅၀၀၀၀ အထိ ချမှတ်ခံရနိုင်ပြီး နေရပ်ပြန်ပို့ခံမည်ဖြစ်ကာ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့် ၂ နှစ်ပိတ်သိမ်းခံရမည်ဖြစ်သည်။