ဖုန်းစခရင်ရဲ့ ဂျီမေးအိုင်ကွန်မှာ စာတစ်စောင်စောင် အသစ်၀င်နေတယ်။ စာအသစ်ထပ် ရောက်နေတယ်ဆိုတဲ့ အမှတ်လက္ခဏာ နိုတီလေးပေါ်နေတယ်။ မနက်ကပို့လိုက်တဲ့စာကို အကြောင်းပြန်လာတာ။ မြန်ချက်။
ဒီဘက်မှာ ည၊ ဟိုဘက်မှာ မနက်၊ အချိန်ကွာဟချက်တွေနဲ့ မိုင်ထောင်ချီဝေးတဲ့တိုင်းပြည်တွေစီကတောင် မနေ့ကပို့တဲ့စာကို သည်နေ့ပြန်စာ ရောက်လာလေ့ရှိတာကိုး။ ဒါကြောင့် ဟိုးအရင်လို ရင်တော့သိပ်မခုန်တော့ဘူးပေါ့။ ဘယ်နေ့ ဘယ်ရက် စောင့်မျှော်မှန်းဆ ကာလရှည်ကြာ မဟုတ်လေတော့ ရင်ခုန်စိတ်လှုပ်ရှားစရာဖြစ်မနေတော့တာ။ စာဗျို့၊ စာ စာ။ စာ ပါတယ်ဗျို့ ဆိုတဲ့ စာပို့လုလင် ပို့စ်စမင်းရဲ့ အသံစာစာ ခြံရှေ့မှာကြားခဲ့ရတုန်းကတော့ ခုန်လိုက်တဲ့ရင်၊ စိတ်ကူးထဲတင် ကြိုတင်ဖတ်နေမိခဲ့တာ။ လွမ်းဖို့ကောင်းလိုက်တာ။ ဂိတ်တံခါးမှာ ချိတ်ထားတဲ့ စာထည့်ပုံးလေးထဲမှာ ပြန်စာရောက်နေလောက်ပြီဆိုတဲ့ စိတ်ဇောနဲ့ သွားဖွင့်ကြည့်ခဲ့ရတဲ့ကာလတွေ။ မတွေ့သေးရင်နာကျင်ခဲ့ရတာ။ လွမ်းလို့ရေးတဲ့စာတွေပါပဲ။
ကိုယ်စီမှာ လွမ်းစရာတွေရှိတတ်ကြတာချည်းပဲမဟုတ်လား။ အလှမ်းကွာလေ လွမ်းစရာတွေပဲမဟုတ်လား။ လွမ်းခွင့်တွေဟာ ပန်းပွင့်တွေလို ဝေနေကြတာပါ။ ကြွေကျ နွမ်းလျသွားရင်တောင် လွမ်းရသေးတာ။ လွမ်းစရာတွေကနေ ဘဝတွေအတွက် သင်ရန်စာ ယူတတ်ဖို့လည်း လိုပါတယ်။ ဒါမှလည်း လွမ်းရတာ တန်မှာပေါ့။ လွမ်းစရာတွေ ကြာခဲ့ပြီဆိုပေမဲ့ လက်ရှိဘဝမှာ အသုံးတည့်အောင်လွမ်းတတ်ရင်တော့ အကျိုးရှိမှာပါ။
စာရေးဆရာ၊ ရုပ်ရှင်ဒါရိုက်တာ၊ အယ်ဒီတာ ဆရာမောင်မိုးသူ (ဘကြီးမိုး)လည်း သူ လွမ်းခဲ့တာတွေအကြောင်း ဆောင်းပါးတွေနဲ့ လွမ်းတော်မူဖို့ စာကိုစီခဲ့သေးတယ်။ သူ့ကိုလေးစားချစ်ခင်လို့၊ သူ့ကိုလိုက်မမီပေမဲ့ လွမ်းလို့ရေးတဲ့စာလေးတွေ ရေးမိနေတာလည်း ပါပါတယ်။
ဟိုတုန်းစီက တစ်နယ်နဲ့တစ်နယ်၊ တစ်မြို့နဲ့တစ်မြို့ ဆက်သွယ်ဖို့ဆိုတာ စာပို့လုလင်တွေက အခရာကျခဲ့ကြတာ။ အစိုးရစာတိုက်ပဲအားကိုးခဲ့ကြရတာ။ စာအိတ်မှာ လိပ်စာတပ်၊ တံဆိပ်ခေါင်းကပ်၊ စာတိုက်ပုံးထဲ သွားထည့်ကြရတာပါ။
တစ်နေရာကနေတစ်နေရာ အကွာအဝေးပေါ်မူတည်ပြီး စာ ရောက်ချိန် အနှေး အမြန် မတူပါဘူး။ သုံးရက်လောက်နဲ့ ရောက်တဲ့နေရာရှိသလို တစ်ပါတ် ဆယ်ရက်ကြာတတ်တဲ့နေရာမျိုးလည်းရှိတယ်။ စာအိတ်မှာ ကပ်ရတဲ့တံဆိပ်ခေါင်းတွေကလည်းအမျိုးစုံ။ တန်ဖိုးစုံ။ ၁၅ ပြားတန်ရှိတယ်။ ပြား ၅၀ တန်ရှိတယ်။ တစ်ကျပ်တန်ရှိတယ်။ အထဲက စာ အထူအပါးပေါ်မူတည်ပြီး ကပ်ရတဲ့ တံဆိပ်ခေါင်း တန်ဖိုးကွာသွားတယ်။
တံဆိပ်ခေါင်းပုံစံလေးတွေမှာ အသုံးများကြတာက ငှက်ခါးပုံ၊ ချင်းလင်မယားပုံ၊ ကရဝိတ်ပုံတွေဖြစ်ပါတယ်။ အထူအပါး နားလည်တယ်ဆိုတာ အဲဒီခေတ်က စာပို့သူတွေသိခဲ့ကြတာပေါ့။ တခြားပုံစံမျိုးစုံနဲ့ တံဆိပ်ခေါင်းတွေလည်းရှိခဲ့ကြပါတယ်။
တံဆိပ်ခေါင်းအကြောင်းပြောတော့ တံဆိပ်ခေါင်းမျိုးစုံ စုဆောင်းသိမ်းဆည်းခဲ့ ကြသူတွေလည်းရှိခဲ့တယ်။ သူတို့ဝါသနာပေါ့။ ရှားပါးတံဆိပ်ခေါင်း ဘယ်နှမျိုးရှိတယ်၊ အရေအတွက် ဘယ်လောက်ရှိတယ်ဆိုပြီး ဂုဏ်ဆာခဲ့ကြတာ။ အခုတော့ လွမ်းရတဲ့အထဲမှာသူတို့လည်းပါတယ်။
တစ်နေရာနဲ့တစ်နေရာ စာပို့ဆက်သွယ်ကြတယ်ဆိုတာ ချစ်သူရည်းစားချင်း၊ မိတ်ဆွေသူ ငယ်ချင်းအချင်းချင်း၊ ဝေးကွာနေတဲ့မိသားစုဝင်တွေအသုံးပြုခဲ့ကြတယ်။ တက္ကသိုလ် အဆောင်နေကျောင်းသားကို မိဘကပို့တဲ့စာ၊ တစ်နယ်တကျေးက ရည်းစားစီက စာ၊ အဲသလိုစာတွေမှာ လွမ်းလို့ရေးတဲ့စာတွေ ပါတာပေါ့။ စာ မျှော်နေရတဲ့အကြောင်းသီချင်းလေး တွေလည်း လွမ်းစရာပါပဲ။ ငှက်ခါးလေးတွေ အခါခါပါးတော့ ဆိုတဲ့သီချင်းလေးရှိတယ်။
ချစ်သူစီက ချစ်အဖြေ ပြန်စာရလို့ ပျော်တဲ့အကြောင်း အဆိုတော်စိန်လွင် သီဆိုခဲ့တဲ့သီ ချင်း၊ သိပ်ပျော်လိုက်တာ ရင်တောင်ခုန်တယ် ပြန်စာပြန်စာ သူကလေးကပေးလာ . . . ။ အဲဒါမျိုးလည်း လွမ်းမိပါတယ်။ အခုလို အင်တာနက် ဂျီမေးလ် အီးမေလ်း နဲ့ အခုပို့၊ အခုရောက်၊ အခုစာပြန်ခေတ်၊ အဲဒီလိုခေတ်ကြတော့လည်း လွမ်းဖို့အချိန်တောင် သေချာမရလိုက်သလိုပဲ။
အဲသည်လောက်မြန်တာတောင်မှ လွမ်းစရာသိပ်မကောင်းတဲ့ သီချင်းတစ်ပုဒ်ကရှိပါသေး တယ်၊ ဘာတဲ့ ငါ စာတွေရေးထားတယ် နင် ဖတ်မှဖတ်မကြည့်ပဲ . . . တဲ့။ လွယ်လွန်း မြန်လွန်းတော့လည်း ဘယ်အချိန်ဖတ်ဖတ်ရပါတယ်ဆိုပြီး တန်ဖိုးထားမှုလျော့ပါးလာတဲ့သဘော။ လွမ်းမောဖွယ်ကာလတွေဟာ တန်းဖိုးဖြတ်မရနိုင်ပါဘူးလေ။ စာတိုက်ကနေ စာအိတ်နဲ့ပေးပို့ဆက်သွယ်ခဲ့ကြတဲ့ လွမ်းစရာလေးတွေပြီးရင် နောက်ထပ်လွမ်းဖို့ကောင်းတာက အသံကြားရတဲ့၊ စကားပြောဆက်သွယ်ရေးပေါ့။
တယ်လီဖုန်းဆိုတာ ဟိုတုန်းအခါက ကိုယ်ပိုင်မရှိကြတာများပါတယ်။ စာတိုက်မှာ တကူးတက သွား ပြောရတာကိုး။ အရေးတကြီးကိစ္စပြောဖို့လိုအပ်ရင် တယ်လီဖုန်းဆက်ကြတာပေါ့။
ချစ်သူရဲ့အသံလေးကြားချင်ကြတဲ့သမီးရည်းစားတွေကျတော့လည်း ငွေယား လေး ပိုအကုန်ခံပြီး တယ်လီဖုန်းပြောကြတာပဲ။ ဌာနဆိုင်ရာတွေမှာ တယ်လီဖုန်းတွေရှိကြတယ်။ သူဌေးသူကြွယ်တွေ၊ အရောင်းအဝယ်လုပ်တဲ့ပွဲရုံတွေမှာလည်း ရှိကြပါတယ်။
အဲသည့်ခေတ်ကတော့ ဝါယာကြိုးနဲ့ဆက်သွယ်အသုံးပြုရတယ်။ ကြိုးဖုန်းတွေ။ လမ်းတွေမှာ ဓါတ်တိုင်တွေနဲ့အတူတူ တယ်လီဖုန်းတိုင်တွေလည်း အပြိုင်အဆိုင်။ တချို့တိုင်တွေဆိုဟိုယိုင်သည်ယိုင်။
ကြိုးဖုန်းခေတ်ဦးကာလမှာ တစ်ဘက်နဲ့တစ်ဘက်ကို ကြားခံချိတ်ဆက်ပေးတဲ့ အိတ်ချိန်း( Exchange Operator) က တစ်ဆင့် လုပ်ဆောင်ပေးရတယ်။ တစ်ယောက်ယောက်စီကို စကားပြောဖို့ တယ်လီဖုန်းလက်ကိုင်ကို နားရွက်မှာကပ်လိုက်ပြီး အိတ်ချိန်းအော်ပရေတာရဲ့အသံ ဘယ်ကိုချိတ်ဆက်ပေးရမလဲ ဆိုတာ စောင့်ရတယ်။
ကိုယ် ပြောချင်တဲ့ နေရာ၊ ဌာန၊ လူ ၊နံပါတ် စသဖြင့် ပြောလိုက်ရင် အိတ်ချိန်းက ချိတ်ဆက်ပေးပါတယ်။ အဲသည်လို ခဏ စောင့်ဆိုင်းရတဲ့ စက္ကန့်ပိုင်း၊ မိနစ်ပိုင်းလေးတွေဟာ ရင်ဖိုစိတ်လှုပ်ရှားဖွယ်ပေါ့။
တဖြည်းဖြည်းနဲ့ ကြိုးဖုန်းတွေမှာပဲ ကြားခံ အိတ်ချိန်းအော်ပရေတာ လူ မလိုတော့တဲ့ အော်တိုဖုန်းတွေ ဖြစ်လာတယ်။ တယ်လီဖုန်းအထိုင်ကိုယ်ထည်ပေါ်မှာ သုည ကနေ ကိုး အထိ ဂဏန်းကွက်လေးတွေပါတယ်။ ဆက်ချင်တဲ့သူစီကို သူ့ ဖုန်းနံပါတ်အတိုင်း တိုက်ရိုက် နှိပ်လိုက်ရုံပဲ။
အဲသည်တုန်းက တယ်လီဖုန်း မြည်သံ ရင်းန်တုန်း တွေကလည်း ရိုးရှင်းပါတယ်။ ကလင် ကလင် တို့၊ တူ…..တူ…တူ တို့ပဲ။ အဆိုတော်အယ်လ်ခွန်းရီ ဆိုတဲ့ ကလင် ကလင်မြည်သံချိုတယ် တယ်လီဖုန်းလေးရယ်..ဆိုတဲ့သီချင်းလေးတောင် လွမ်းမိပါရဲ့။ နောက်ပိုင်းမှာတော့ ဝါယာလက်စ် ဆိုတဲ့ ကြိုးမဲ့ တယ်လီဖုန်းတွေပေါ်လာတာပေါ့။ ဂျီအက်စ်အမ် တို့၊ စီဒီအမ်အေ တို့ စတဲ့ မိုဘိုင်လ်း ဖုန်းတွေပါ။
မိုဘိုင်လ်းဖုန်းခောတ်ဦးမှာ မြန်မာပြည်မှာတော့ ဆင်းကတ်တစ်ခုကို ကျပ် သိန်း လေးငါးဆယ်။ လူတိုင်းမဝယ်နိုင်ခဲ့ကြပါဘူး။ နောက်တော့ ငါးသိန်း၊ နှစ်သိန်း။ တော်တော်ကြာမှချလိုက်တဲ့စျေးနှုန်းက ဆင်းကတ်တစ်ကတ် ကျပ် ၁၅၀၀။ အဲဒါကို ကျေးဇူးတင်သူတွေကလည်းတင်ကြလို့။ အဲသလိုတိုးတက်ပြောင်းလဲခေတ်မီလာတဲ့ တယ်လီဖုန်းတွေက ပေးတဲ့ ဒုက္ခတွေ သောကတွေလည်း ကြုံကြရတာပါပဲ။ အဆိုတော် ဝိုင်ဝိုင်း ဆိုခဲ့တဲ့ သီချင်းလေး အမှတ်ရသွားတယ်။ တော်ပြီကွာ ဒီဖုန်းစုတ်ကြီးကို လွှင့်ပစ်လိုက်စမ်းပါ….။
အဲဒါမျိုးတွေကြုံရပြန်တော့ ဟိုတုန်းစီက အိတ်ချိန်းနဲ့ပြောရတဲ့ တယ်လီဖုန်းလေးတွေ၊ ကိုယ်တိုင်ခေါ်ရတဲ့ အော်တိုဖုန်းလေးတွေကို လွမ်းမိတာပါပဲ။ ဖြတ်သန်းလာခဲ့ပြီးတဲ့ သက်တမ်းတလျှောက်မှာ တခုတ်တရ လွမ်းလို့ရေးရမယ်ဆိုရင်တော့ အများကြီးပေါ့။
ကိုယ်တိုင် မီခဲ့တဲ့ တွေ့ကြုံခဲ့တဲ့အမှတ်တရတွေကိုပဲ လွမ်းစရာလို့ မဆိုလိုပါဘူး။ ကိုယ်မမီလိုက်တဲ့ ရှေ့ခေတ် လူကြီးသူမတွေ မချိတင်ကဲ၊ အားမလိုအားမရ ပြန်ပြောပြရင်းသူတို့ လွမ်းဆွတ် တမ်းတခဲ့ကြတာတွေလည်း လွမ်းစရာပါ။
ရန်ကုန်တက္ကသိုလ်ဆိုတာ အာရှမှာ အထင်ကရဖြစ်ခဲ့တာ၊ စင်ကာပူဟာ ရန်ကုန်ကို အားကျခဲ့တာ၊ မြန်မာပြည်က စက်မှုအထက်တန်းကျောင်းတွေဟာ စင်ကာပူမှာ ပိုလီတက္ကနစ်ကျောင်းတွေ ဖြစ်သွားတာ စတာတွေလည်း လွမ်းလို့ရေးမယ်ဆိုရင် ရေးရမယ့်စာတွေပဲပေါ့။
ကိုအားပို







