ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထိုင်းတွင် မြန်မာအမျိုးသမီးတစ်ဦး ကားပေါ်၌ ကလေးမွေး

January 10, 2026

ထိုင်းနိုင်ငံအရှေ့ပိုင်း လယောင်ခရိုင်တွင် ကိုယ်ဝန်ဆောင် မြန်မာအမျိုးသမီးတစ်ဦးသည် ဗိုက်နာလာသဖြင့် ဆေးရုံသို့ ကားဖြင့်သွားစဉ် လမ်း၌ ကလေးမွေးဖွားခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ဇန်နဝါရီလ ၉ ရက်၊ နံနက် ၈ နာရီခန့်က ပလိုဝက်ဒဲဒေသတွင် အသက် ၃၀ နှစ်အရွယ် ကိုယ်ဝန်ဆောင် မြန်မာအမျိုးသမီးသည် ဗိုက်နာလာသဖြင့် အလုပ်ရှင်၏ သမီးဖြစ်သူက ကားဖြင့် ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။

ဆေးရုံမရောက်မီ မြန်မာအမျိုးသမီးမှာ မခံမရပ်နိုင်အောင် ဗိုက်နာလာသဖြင့် လမ်းဘေး၌ ကားရပ်ပြီး အလုပ်ရှင်၏ သမီးဖြစ်သူက အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ထံ အကူအညီတောင်းခံခဲ့ကြောင်း သိရသည်။

ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိလာချိန်တွင် မြန်မာအမျိုးသမီးကို ကူညီပေးခဲ့ရာ ကားပေါ်တွင်ပင် ကလေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့သည်။

မွေးဖွားလာသည့် ကလေးငယ်မှာ ယောက်ျားလေးဖြစ်ပြီး မိခင်နှင့် ကလေး နှစ်ဦးစလုံး ကျန်းမာရေး ကောင်းမွန်ကြောင်း သိရသည်။

ထို့နောက် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆက်လက်ခံယူနိုင်ရန် မိခင်နှင့် ကလေးကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

ကလေးမွေးဖွားခဲ့သည့် ကားအမှတ် ၂၆၅၃ သည် ထိုင်းနိုင်ငံသားများကြားတွင် ထီကံစမ်းရန် ရေပန်းစားနေကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

Ref: Khaosod, CH 7