ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ချွန်ဘူရီတွင် မြန်မာတစ်ဦး ရထားတိုက်ခံရပြီး သေဆုံး

January 10, 2026

ထိုင်းနိုင်ငံအရှေ့ပိုင်း၊ ချွန်ဘူရီခရိုင်တွင် မြန်မာနိုင်ငံသားတစ်ဦး ရထားတိုက်ခံရပြီး သေဆုံးခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားချက်အရ သိရသည်။

ဇန်နဝါရီလ ၉ ရက်၊ ညနေ ၃ နာရီခန့်က ချွန်ဘူရီခရိုင်၊ ဘန်းလမောင်ဒေသတွင် မြန်မာနိုင်ငံသားတစ်ဦး ရထားကြိတ်ခံရသဖြင့် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းရရှိခဲ့သည်။

ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိလာသောအခါ ရထားကြိတ်ခံရမှုကြောင့် ခန္ဓာကိုယ်နှစ်ပိုင်းပြတ်၍ သေဆုံးနေသော အလောင်းနှင့်အတူ အနီးတွင် ကျုစေ့-ဘန်ကောက် ပြေးဆွဲနေသော ရထား ရပ်နားထားသည်ကို တွေ့ရကြောင်း သိရသည်။

သေဆုံးသူမှာ အသက် ၄၄ နှစ်အရွယ် ကိုမင်းသူဖြစ်ပြီး အနီးရှိ သက်သေအထောက်အထားများကို သိမ်းဆည်းခဲ့ဟုဆိုသည်။

သေဆုံးသူသည် ကုမ္ပဏီတစ်ခု၏ အမှိုက်သိမ်းအလုပ်သမားဖြစ်ပြီး ပြီးခဲ့သော ဇန်နဝါရီလ ၆ ရက်နေ့က သူငယ်ချင်းဖြစ်သူ ရုတ်တရက် သေဆုံးသွားသဖြင့် စိတ်သောကရောက်နေကြောင်း၊ ကိုမင်းသူက မိမိကိုယ်ကိုယ် တစ်ခုခုလုပ်မည်ကို စိုးရိမ်သဖြင့် လုပ်ဖော်ကိုင်ဖက်များက အနီးကပ် စောင့်ကြည့်နေခဲ့ရကြောင်း လုပ်ဖော်ကိုင်ဖက်၏ ပြောကြားချက်ကို သတင်းတွင်ဖော်ပြသည်။

လုပ်ဖော်ကိုင်ဖက်များက အဆိုပါသူငယ်ချင်းဖြစ်သူ၏ စျာပနကို ဘုန်းကြီးကျောင်း၌ပြုလုပ်နေချိန်တွင် ကိုမင်းသူ ပျောက်ဆုံးသွားသည်ကို ဂရုမပြုမိခဲ့ကြကြောင်း ဖြေဆိုထားသည်။

ယင်းနောက် လူတစ်ဦး ရထားတိုက်ခံရသည်ဟု သတင်းရရှိသဖြင့် သွားရောက်ကြည့်ရှုခဲ့ရာမှ ကိုမင်းသူ ဖြစ်နေသည်ကို တွေ့ရကြောင်း လုပ်ဖော်ကိုင်ဖက်က ပြောသည်။

ရဲတပ်ဖွဲ့က အလောင်းကို ဆေးရုံသို့ ပို့ဆောင်၍ ကိုယ်ရေးအချက်အလက်များကို စစ်ဆေးခဲ့ပြီးနောက် ဈာပန အတွက် ပြန်လည်ထုတ်ယူခွင့်ပေးခဲ့သည်။

လက်ရှိတွင် ရထားတိုက်ခံရမှုနှင့် ပတ်သက်၍ နီးစပ်သူများ၏ ဖြေဆိုချက်များကြောင့် မိမိကိုယ်ကိုယ် အဆုံးစီရင်မှုဟု ရဲတပ်ဖွဲ့က ကနဦး ကောက်ချက်ချထားပြီး ရထားမောင်းသူကို ဆက်လက်စစ်ဆေး မေးမြန်းသွားမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

Ref: Khaosod, Daily News, CH 7