ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဒီဇင်ဘာ ၁၂ ရက်တွင် ဘတ်အသစ် အမည်စာရင်း စလျှောက်နိုင်ဟု ထိုင်းအစိုးရထုတ်ပြန်

December 9, 2025

ထိုင်းနိုင်ငံအတွင်းရှိ အထောက်အထားမဲ့ မြန်မာနိုင်ငံသားများ အပါအဝင် ရွှေ့ပြောင်းအလုပ်သမားများ ဒီဇင်ဘာလ ၁၂ ရက်မှစ၍ အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ဘတ်) အသစ်ပြုလုပ်ရန် အမည်စာရင်း (Name List) တင်သွင်းနိုင် မည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ယနေ့ ဒီဇင်ဘာလ ၉ တွင် ထုတ်ပြန်ကြေညာသည်။

ပြီးခဲ့သော နိုဝင်ဘာလ ၁၁ ရက် အစည်းအဝေး ဆုံးဖြတ်ချက်အရ မြန်မာ၊ လာအို၊ ဗီယက်နမ် သုံးနိုင်ငံက အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများကို တရားဝင် အလုပ်လုပ်ခွင့် မှတ်ပုံတင်ရန် ခွင့်ပြုလိုက်ခြင်းဖြစ်သည်။

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခကြောင့် ကမ္ဘောဒီးယား ရွှေ့ပြောင်းအလုပ်သမားများအတွက် အလုပ်လုပ်ခွင့်လက်မှတ် ပြုလုပ်ပေးမည့်အစီအစဉ်တွင် ပါဝင်လာခြင်းမရှိသည်ကို တွေ့ရသည်။

အလုပ်လုပ်ခွင့်လက်မှတ် မှတ်ပုံတင် (ပန်းရောင်ဘတ်) ပြုလုပ်ရန် ပထမအဆင့်ဖြစ်သော အမည်စာရင်း (Name List) တင်သွင်းခြင်းကို လာမည့် ဒီဇင်ဘာလ ၁၂ ရက်မှ ၂၆ ရက်အထိ ၁၅ ရက်ကြာ ခွင့်ပြုမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

နောက်ထပ် ဆေးရုံတွင် သွေးစစ်ခြင်း၊ အလုပ်လုပ်ခွင့်လက်မှတ် (work permit) အတွက် ငွေသွင်းခြင်း၊ ထိုင်းလဝကတွင် လက်ဗွေနှိပ်ခြင်း၊ ဗီဇာရယူခြင်း လုပ်ငန်းစဉ်အသေးစိတ်ကိုမူ ထုတ်ပြန်ခြင်းမရှိသေးကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) အဖွဲ့မှ အလုပ်သမားတာဝန်ခံ ကိုမင်းဦး ပြောသည်။

“အခုကတော့ အမည်စာရင်းတွေ တင်ကြဖို့ပေါ့။ နောက်မှ အသေးစိတ်တွေ လာမယ်ထင်တယ်။ စောင့်ကြည့်ရမှာပေါ့” ဟု ၎င်းက ပြောဆိုသည်။

အမည်စာရင်း လျှောက်ထားမည့် အလုပ်သမားများသည် ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့် ၁ နှစ် သက်တမ်းရရှိမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဘတ်အသစ်ပြုလုပ်ရန် ၂၉၈၀ ဘတ်မှ ၃၈၇၀ ဘတ် ကုန်ကျမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ယခုထုတ်ပြန်ချက်တွင် အလုပ်လုပ်ခွင့်လက်မှတ်အသစ် လျှောက်ထားမည့်သူများအနေဖြင့် နိုင်ငံကူးလက်မှတ် သို့မဟုတ် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI စာအုပ်) ရှိပါက တစ်ပါတည်း လျှောက်ထားနိုင်ကြောင်း ကြေညာထားသည်။

Ref: ထိုင်းအလုပ်သမားဝန်ကြီးဌာန, Matichon Online