ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထိုင်းမြောက်ပိုင်းတွင် ပဲနို့ရောင်းသော မြန်မာအမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ

December 9, 2025

ထိုင်းနိုင်ငံမြောက်ပိုင်း၊ လန်ဖွန်ခရိုင်တွင် ဈေးလှည်းဖြင့် ပဲနို့ရောင်းချနေသော မြန်မာအမျိုးသမီးတစ်ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းတစ်ရပ်တွင် ဖော်ပြသည်။

ဒီဇင်ဘာလ ၈ ရက် ညနေ ၆ နာရီခွဲခန့်က လန်ဖွန်မြို့ ပါစပ်ဒေသတွင် ထိုင်းအာဏာပိုင်များ ကင်းလှည့်နေစဉ် လမ်းဘေးဈေးရောင်းနေသော မြန်မာအမျိုးသမီး ဖမ်းဆီးခံရခြင်းဖြစ်သည်။

မြန်မာအမျိုးသမီးသည် ပဲနို့အပါအဝင် နို့များကို ဈေးလှည်းလေးဖြင့် ရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။

မြန်မာအမျိုးသမီးသည် အလုပ်လုပ်ခွင့်လက်မှတ် ကိုင်ဆောင်ထားသူဖြစ်သော်လည်း လုပ်ပိုင်ခွင့်ထက် ကျော်လွန်လုပ်ကိုင်မှုဖြင့် ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။

ဖမ်းဆီးခံရသော မြန်မာအမျိုးသမီးကို ဥပဒေအရ အရေးယူရန် မောင်ကျီးရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း ဖော်ပြသည်။

မြန်မာနိုင်ငံသားများအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများသည် ဆံပင်ညှပ်၊ ဧည့်လမ်းညွှန်၊ ဈေးရောင်း၊ ခရီးသည်ကြိုပို့ စသော တားမြစ်ထားစသောလုပ်ငန်းများကို လုပ်ပိုင်ခွင့်မရှိပေ။

အကယ်၍ ဝင်ရောက်လုပ်ကိုင်ပါက ဒဏ်ငွေ ဘတ် ၅၀၀၀ မှ ၅၀၀၀၀ အထိ ချမှတ်ခံရနိုင်ပြီး နေရပ်ပြန်ပို့ခံမည်ဖြစ်ကာ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့် ၂ နှစ်ပိတ်သိမ်းခံရမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Ref: Chiangmai News