မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်နှင့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် အစပ်ရှိ ပိုင်ရပ်ကျေးရွာ လေကြောင်း တိုက်ခိုက်ခံရသဖြင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် ဒေသခံများ တစ်လကြာလာသည်ထိ နေရပ် မပြန်ရဲကြ သေးကြောင်း ဒေသခံများက ပြောသည်။
စစ်ကောင်စီက ပိုင်ရပ်ကျေးရွာနှင့် အနီးအနားဝန်းကျင်ကို လက်ရှိအချိန်ထိ လေယာဉ်ဖြင့် ကင်းထောက်နေသည့်အတွက် ဒေသခံများ နေရပ်မပြန်ရဲဘဲ ဖြစ်နေကြောင်း ၎င်းတို့က ဆိုသည်။
“ရွာကို ဗုံးကြဲလိုက်ကတည်းက ထွက်ပြေးကြတယ်။ တစ်ရွာလုံးပါပဲ။ ရွာမှာ ကျန်ရင်လည်း တစ်ယောက်စ နှစ်ယောက်စပဲ ကျန်တယ်။ အခုအထိလည်း လေယာဉ်တွေက လာနေတော့ မပြန်ရဲဘူး။ ရွာမှာ လူရှိနေရင် သူတို့ (စစ်ကောင်စီတပ်) က ဗုံးလာကြဲရင် လာကြဲမှာလေ။ အဲဒါကြောင့် ဘယ်သူမှလည်း မပြန်ရဲဘူး” ဟု ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ် ဇွန်လ ၉ရက် မွန်းလွဲပိုင်းတွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ကလေးများကို စာသင်ကြားပေးနေသည့် နေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၁၀ နှစ်အောက် ကျောင်းသား သုံးဦး၊ ဆရာမ တစ်ဦးနှင့် အမျိုးသား တစ်ဦး သေဆုံးကာ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမအပါအဝင် ဒေသခံ ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
မြန်မာပြည်တောင်ပိုင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကွန်ရက်၏ စာရင်းအရ လေကြောင်း ဗုံးကြဲတိုက်ခိုက် ခံရမှုကြောင့် ပိုင်ရပ်ဒေသခံပြည်သူ ၂၀၀ နီးပါး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။
မော်လမြိုင်၊ ချောင်းဆုံ၊ မုဒုံမြို့ဘက်သို့ တိမ်းရှောင်လာကြသူများရှိသလို အချို့ကလည်း နီးစပ်ရာ ဆွေမျိုး၊ မိတ်ဆွေနှင့် တောတောင်များတွင် တိမ်းရှောင်နေကြကြောင်း အဆိုပါကွန်ရက်ထံမှ သိရသည်။
“တချို့ ပိုက်ဆံရှိတဲ့လူတွေက ကလေးတွေကို ကျောင်းထားဖို့အတွက် မြို့ပေါ်မှာ အိမ်ငှားပြီး နေကြတာလည်းရှိတယ်။ တချို့ကလည်း တောထဲမှာ၊ တချို့က အမျိုးအိမ်တို့ ဘာတို့မှာလည်း ရှိတယ်။ ကြာလာတော့ အခက်အခဲကတော့ မျိုးစုံရှိလာတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်နှင့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အစပ်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး ဒေသတွင်းတပ်စွဲထားသည့် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးဖြင့် လှမ်းပစ်နေသည့်အပြင် လေကြောင်း တိုက်ခိုက်ပါ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။







