မွန်ပြည်နယ်၊ ကျိုက်ထိုမြို့တွင် လိုင်စင်မဲ့ယာဉ်များကို စစ်ဆေးဖမ်းဆီးနေသည့် ဒုရဲအုပ်တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးကြောင်း မြို့ခံများထံမှ သိရသည်။
ဇွန်လ ၈ ရက် နံနက် ၉ နာရီခန့်က ကျိုက်ထိုမြို့၊ ရန်ကုန်-မော်လမြိုင်ကားလမ်းနှင့် မြို့ရှောင်လမ်းဆုံအနီးတွင် စစ်ကောင်စီလက်အောက်ခံ စစ်တပ်၊ ရဲ၊ ယာဉ်ထိန်း အစရှိသည့် ပူးပေါင်းတပ်ဖွဲ့တို့က လိုင်စင်မဲ့မော်တော်ယာဉ်များကို စစ်ဆေးဖမ်းဆီးခဲ့ကြောင်း ၎င်းတို့က ပြောသည်။
ထိုသို့ ဖမ်းဆီးစစ်ဆေးနေစဉ် ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသားတစ်ဦးက ကျိုက်ထိုမြို့မရဲစခန်းက နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ဝင်းကြိုင်ကိုသေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း မြို့ခံများက ဆိုသည်။
ဦးခေါင်းတွင် ကျည်ထိမှန်ဒဏ်ရာဖြင့် ဒုရဲအုပ်ဝင်းကြိုင် သေဆုံးကြောင်း မြို့ခံတစ်ဦးက ပြောဆိုသည်။
“လိုင်စင်မဲ့ (ယာဉ်) တွေကို ဖမ်းနေတဲ့အချိန်မှာ ဝင်ပစ်သွားတာ။ အဲဒီမှာက စစ်တပ်တွေလည်း ရှိတယ်။ အဲဒါကို ဆိုင်ကယ်နဲ့ လာပြီး ပစ်ထည့်သွားတာ ပစ်ပြီးတာနဲ့ ဆိုင်ကယ်မောင်းပြေးသွားတာ။ သေနတ်သမားကို မမိဘူးလို့တော့ သိရတယ်” ဟု ၎င်းက ပြောသည်။
ဒုရဲအုပ် ဝင်းကြိုင် ပစ်ခတ်ခံရသည့် ဖြစ်စဉ်ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျိုက်ထိုမြို့နှင့် မြို့အဝင်အထွက် နေရာများကို ပိတ်ဆို့စစ်ဆေးနေပြီး သေနတ်သမားကို ပိုက်စိတ်တိုက် ရှာဖွေနေကြောင်း မြို့ခံများထံမှ သိရသည်။
ဇွန်လ ၅ ရက် ညနေကလည်း ဘီးလင်းမြို့နယ်၊ ဘီးလင်း – တောင်စွန်းကားလမ်းတွင် လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးစစ်ဆေးနေသည့် စစ်ကောင်စီလက်အောက်ခံအဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိသလို အရပ်သားတစ်ဦးလည်း သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရကြောင်း၎င်းတို့ထံမှ သိရသည်။