BREAKING
June 9, 2025

ထိုင်းတွင် ကားတိုက်မှုကြောင့် မြန်မာ ၁ ဦးသေဆုံး၊ ကလေးများ အပါအဝင် ၆ ဦး ဒဏ်ရာရ

June 9, 2025

ထိုင်းနိုင်ငံ ရတ်ချ်ဘူရီမြို့ လမ်းမကြီးပေါ်တွင် ကားနှစ်စီး တိုက်မှုဖြစ်ခဲ့ရာ ကားပေါ်ပါ မြန်မာအမျိုးသမီး သေဆုံးခဲ့ပြီး ကလေးငယ်များအပါအဝင် နောက်ထပ် ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ဇွန်လ ၈ ရက်နေ့ ညက ရတ်ချ်ဘူရီမြို့ အဝေးပြေးလမ်းမကြီးပေါ်တွင် ထိုင်းနိုင်ငံသားမောင်းနှင်လာသော ကားနှင့် မြန်မာနိုင်ငံသားမောင်းနှင်လာသော ကားနှစ်စီး မျက်နှာချင်းဆိုင် တိုက်မိခဲ့ခြင်းဖြစ်သည်။

ကားတိုက်မှုကြောင့် ကားပေါ်ပါလာသော အသက် ၂၉ နှစ်အရွယ် မလွင်မာသည် နေရာတွင်ပင် သေဆုံးခဲ့ပြီး ကားသမား ကိုဇော်မိုးနိုင်နှင့် ၎င်းတို့၏ ကလေးငယ် ၂ ဦးမှာ ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိကြောင်း ဖော်ပြထားသည်။

တစ်ဖက်ကားပေါ်တွင် ထိုင်းကားမောင်းသမား ဇနီးမောင်နှံနှင့်ကလေးငယ်တို့ သုံးဦးပါရှိပြီး ၎င်းတို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ကားနှစ်စီးသည် ထိပ်တိုက် တိုက်မိသဖြင့် ကားအရှေ့ပိုင်းများ ပျက်စီးသွားပြီး မြန်မာနိုင်ငံသားနှစ်ဦး ကားထဲ ပိတ်မိနေသဖြင့် ဖြတ်စက်များဖြင့် ကယ်ထုတ်ခဲ့ရကြောင်း သတင်းတွင် ဖော်ပြထားသည်။

ဒဏ်ရာရရှိသူများကို ကယ်ဆယ်ရေးအဖွဲ့များက ရှေးဦးပြုစု ကုသပေးခဲ့ပြီး နီးစပ်ရာ ရတ်ချ်ဘူရီဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

ကားတိုက်မှုကြောင့် သေဆုံးခဲ့သော မြန်မာအမျိုးသမီး၏ အလောင်းကိုလည်း ကယ်ဆယ်ရေးအဖွဲ့များက ရတ်ချ်ဘူရီဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။

ကားနှစ်စီးသည် မျက်နှာချင်းဆိုင်လာနေရာမှ အရှိန်မထိန်းနိုင်သဖြင့် တိုက်မိခြင်းဖြစ်ပြီး ကားတိုက်မှုကြောင့် ၎င်း၏ ကားသည် လမ်းဘေးလွင့်ထွက်သွားခဲ့ကြောင်း ထိုင်းကားသမား၏ ထွက်ဆိုချက်ကို ဖော်ပြထားသည်။

လက်ရှိတွင် ကားတိုက်မှုဖြစ်ရသည့် အကြောင်းအရင်း အသေးစိတ်ကိုမူ စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး ဥပဒေအရ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

Ref: Joe Joe, Naewna