BREAKING
May 9, 2025

ထိုင်းတောင်ပိုင်းတွင် ဖုန်းပြင်ရောင်းသည့် မြန်မာတစ်ဦးဖမ်းဆီးခံရ

May 9, 2025

ထိုင်းနိုင်ငံတောင်ပိုင်း၊ စူရတ်ဌာနီခရိုင်၊ ကော့ဖငန်းကျွန်းတွင် မိုဘိုင်းဖုန်းများကို ပြုပြင်ပြီး ပြန်လည်ရောင်းချနေသော မြန်မာနိုင်ငံသားတစ်ဦး မေလ ၈ ရက်က ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ကျွန်းပေါ်တွင် နိုင်ငံခြားသား ခရီးသွားအများစုက ရဲတပ်ဖွဲ့ထံ ဖုန်းပျောက်တိုင်ကြားမှု ပိုများလာသဖြင့် လိုက်လံစုံစမ်းရာမှ ဖုန်းများကို ပြင်ဆင်ပြီး ရောင်းချနေသော မြန်မာနိုင်ငံသား ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဆိုသည်။

ဖမ်းဆီးခံရသူသည် အသက် ၃၃ နှစ်အရွယ် ကိုကျော်ထက်ဦးဖြစ်ပြီး ကျွန်းပေါ်ရှိ မြန်မာနိုင်ငံသားများထံမှ ဖုန်းများကို ဝယ်ယူပြင်ဆင်၍ ပြန်လည်ရောင်းချနေသူဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။

၎င်းနှင့်အတူ မိုဘိုင်းဖုန်း ၄၉ လုံးနှင့် ဖုန်းပြင်ဆင်သော ပစ္စည်းများကိုလည်း သက်သေအဖြစ် သိမ်းဆည်းခဲ့ကြောင်း ဖော်ပြသည်။

Lock ကျနေသော ဖုန်းများကို အဓိက ဝယ်ယူပြီး ပြန်လည်ပြင်ဆင်ကာ မြန်မာနိုင်ငံသားများထံ အရစ်ကျဖြစ်စေ လက်ငင်းဖြစ်စေ ပြန်လည်ရောင်းချနေသည်ဟု ကိုကျော်ထက်ဦးက ရဲတပ်ဖွဲ့ထံ ထွက်ဆိုကြောင်း ဆိုသည်။

အထူးသဖြင့် iCloud မရရှိသော ဖုန်းများကို Lock ဖြေ၍ အချက်အလက်များကို အသစ်အတိုင်းပြုလုပ်ကာ ရောင်းချနေခြင်းဖြစ်ကြောင်း ဖော်ပြသည်။

အရစ်ကျရောင်းချထားသော ဖုန်းများအတွက် iCloud သို့မဟုတ် Gmail များကို လက်ခံရယူထားပြီး လစဉ်ငွေပေးချေ စနစ်ဖြင့် ငွေပေးချေစေကြောင်း၊ အကယ်၍ ငွေမပေးနိုင်ပါက ဖုန်းများကို ပြန်လည် Lock ချလိုက်ကြောင်း ထွက်ဆိုထားသည်ဟု ဖော်ပြသည်။

ဖုန်းပြုပြင်နေကြောင်းကိုလည်း အွန်လိုင်းကတစ်ဆင့် ကြေညာထားပြီး ဖုန်းမှန်လဲမှုခအတွက် ဘတ် ၁၀၀၀ အထိ ဈေးနှုန်းရှိကာ ကျွန်းပေါ်က မြန်မာနိုင်ငံသားများကြား လူသိများကြောင်း သတင်းများတွင် ဖော်ပြသည်။

ပြုပြင်၍ ရောင်းချထားသော ဖုန်းအမျိုးအစားပေါ်မူတည်၍ လစဉ် ဘတ် ၂၅၀၀၀ ခန့် ရရှိနေကြောင်း ဆိုသည်။

ခွင့်ပြုချက်မရှိဘဲ စီးပွားရေးလုပ်ကိုင်မှု၊ လုပ်ပိုင်ခွင့်ထက် ကျော်လွန်လုပ်ကိုင်မှုနှင့် အခြားအမှု စုစုပေါင်း သုံးမှုဖြင့် အမှုဖွင့် အရေးယူထားကြောင်း ဖော်ပြသည်။

Ref: Matichon Online, Thai Post