မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ထင်းရှူးကျေးရွာရှိ စစ်အာဏာရှင်တပ်စခန်းကို ရာမညမွန်တပ်တော် (RMA) နှင့် ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တို့က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ကြောင်း အဆိုပါတပ်တော်က ထုတ်ပြန်သည်။
ထင်းရှူးကျေးရွာတွင် အင်အား ၆၀ ကျော်တပ်စွဲထားသည့် စစ်အာဏာရှင်တပ်စခန်းကို ယမန်နေ့ ဧပြီလ ၈ရက် နံနက် ၄ နာရီခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။
ထိုတိုက်ခိုက်မှုအတွင်း နှစ်ဖက်လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နာရီဝက်ခန့်ကြာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက် ကြကြောင်း ဒေသခံများကက ပြောသည်။
“တိုက်ခိုက်ခံရတဲ့နေရာက အရင်က ရဲတွေပဲ ရှိတယ်။ ခဏခဏ တိုက်ခိုက်ခံရတော့ နောက်ပိုင်း စစ်တပ်တွေပါ ရောက်လာ ကြတယ်။ သူတို့လူ များတယ်။ အတည်တကျပဲ စခန်းချပြီး နေနေကြတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
အဆိုပါ တပ်စခန်း တိုက်ခိုက်ခံရမှုအတွင်း စစ်အာဏာရှင်တပ်ဘက်က ထိခိုက်သေဆုံးမှု ရှိသည်ဟု သိရသော်လည်း အရေအတွက်အတိအကျကိုမူ မသိရကြောင်း ဒေသခံအချို့က ဆိုသည်။
ထင်းရှူးကျေးရွာရှိ စစ်အာဏာရှင်တပ်စခန်း တိုက်ခိုက်မှုတွင် စစ်အာဏာရှင်တပ်ဘက်က ခြောက်ဦးသေဆုံးပြီး ရှစ်ဦး ထိခိုက်ဒဏ်ရာရကြောင်း ရာမညမွန်တပ်တော်က ထုတ်ပြန်ထားသည်။
ဒဏ်ရာရသူများထဲတွင် အသက်အန္တရာယ်စိုးရိမ်ရသူအချို့လည်း ရှိနေကြောင်း ဖော်ပြသည်။
တိုက်ခိုက်အတွင်း စစ်အာဏာရှင်တပ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်ခဲ့သော်လည်း အထိအခိုက်မရှိဘဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း ရာမညမွန်တော်တပ်၏ မြေပြင်ရဲဘော်များထံမှ သိရသည်။
စစ်အာဏာရှင်တပ်က ထိခိုက်သေဆုံးမှုများနှင့်ပတ်သက်၍ Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။
ပြီးခဲ့သည့် မတ်လ ၁ ရက်ကလည်း ထင်းရှူးကျေးရွာရှိ စစ်အာဏာရှင်တပ်စခန်းကို မွန်-တနင်္သာရီ ညီနောင် ဒရုန်းတပ်ပေါင်းစုက ဒရုန်းဖြင့် ဗုံးလေးလုံးကြဲချတိုက်ခိုက်ခဲ့သည်။
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ စိုးမိုးထားသည့် သံဖြူဇရပ်-ရေးလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ရေး စစ်အာဏာရှင်တပ် စစ်ကြောင်းများ ရေးမြောက်ဘက်မှ သံဖြူဇရပ်မြို့နယ်အစပ်အထိ စစ်ကြောင်းထိုးပြီး ဝင်ရောက် တပ်စွဲနေသည်။
ထို့ကြောင့် ဒေသတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားနေသည့်အပြင် စစ်အာဏာရှင် တပ်စခန်းများကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက မကြာခဏ တိုက်ခိုက်နေသည်။







