နှစ်သစ် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂ရက်တွင် ဖွင့်လှစ်ခဲ့သော ထိုင်းထီတွင် မြန်မာနိုင်ငံသားလေးဦး ဘတ် ၂၄ သန်းအထိ ထီပေါက်ကြောင်း MHAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။
ထိုင်းထီ ပထမဆု ၈၃၇၇၀၆ တွင် ခြောက်လုံးတိုက် ပထမဆုကို ကံထူးခဲ့ကြခြင်းဖြစ်သည်။
ကံထူးရှင်များအနက် ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်တွင် အလုပ်လုပ်ကိုင်နေသော မြိတ်ဒေသခံတစ်ဦးလည်း ပါဝင်ကာ ဘတ် ခြောက်သန်းဆု ကံထူးခဲ့ခြင်းဖြစ်ကြောင်း MHAC ထံမှ သိရသည်။
အုန်းနွဲ၊ အုန်းရိုင်ဒေသတွင် အလုပ်လုပ်ကိုင်နေသော ပဲခူးတိုင်းဒေသခံ ဇနီးမောင်နှံနှစ်ဦးကလည်း ဘတ် ခြောက်သန်း ကံထူးကြောင်း သိရသည်။
နောက်ထပ် ထိုင်းထီ နှစ်စောင်တွဲ ဘတ် ၁၂ သန်း ကံထူးခဲ့သူမှာ ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်တွင် နေထိုင်နေသူ ဖြစ်ကြောင်း MHAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။
ထီပေါက်သူများက ဆုငွေများကို ထုတ်ယူပေးရန် MHAC မဟာမိတ်အဖွဲ့ထံ အကူအညီတောင်းခံခဲ့ကြသဖြင့် ဇန်နဝါရီလ ၅ ရက်နှင့် ၆ ရက်တို့တွင် ဆုငွေများကို ထုတ်ယူပေးပြီးဖြစ်ကြောင်း ကိုရဲမင်းက ပြောသည်။
“ဆုငွေတွေကို တစ်လုံးတခဲတည်း ရရှိစေဖို့ နေ့ချင်းပြီး ထုတ်ယူပေးခဲ့ပြီး ကံထူးရှင်တွေလက်ဝယ် ပေးအပ်ပြီးပါပြီ” ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် ကိုရဲမင်းဦးဆောင်သော အလုပ်သမားအဖွဲ့အစည်းမှတစ်ဆင့် ထိုင်းထီပထမဆုကို ကူညီထုတ်ယူပေးနေသည်မှာ ၆၂ ဦးအထိ ရှိနေပြီဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။







