မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးရှိ ပြည်သူ့စစ်အဖွဲ့ကို ရေးဘီလူးအဖွဲ့က ဝင်ရောက် တိုက်ခိုက်ကြောင်း ဒေသခံများနှင့် ရေးဘီလူးအဖွဲ့တို့ထံမှ သိရသည်။
အာယုတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင်ရှိသည့် ဦးလင်းဦးခေါင်းဆောင်သည့် ပြည်သူ့စစ်အဖွဲ့ကိုရေးဘီလူးအဖွဲ့က ဒီဇင်ဘာလ ၇ရက် နံနက်ပိုင်းက ဝင်ရောက်တိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။
“လင်းဦး ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့တွေက အုပ်ချုပ်ရေးမှူးရုံးမှာပဲ ရုံးထိုင်နေကြတာလေ။ အဲဒါကို ရေးဘီလူးအဖွဲ့က ဝင်ပစ်တာ။ သေတာ ရှိတယ်လို့ သိရပေမယ့် အသေးစိတ်တော့ မသိဘူး။ နောက်ပြီး လင်းဦးလည်း ထိထားတယ်” ဟု အာယုတောင် ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါတိုက်ခိုက်မှုတွင် ကျေးရွာ ပြည်သူ့စစ်ခေါင်းဆောင် ဦးလင်းဦး ထိခိုက်ဒဏ်ရာရရှိသွားပြီး အဖွဲ့ဝင် လေးဦးထက်မနည်း သေဆုံးကြောင်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။
ပစ်ခတ်မှုဖြစ်ပြီးနောက် အာယုကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့တို့က လုံခြုံရေးတင်းကျပ်ထားပြီး ရှာဖွေ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောဆိုသည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းလည်း အာယုတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးရှိ ပြည်သူ့စစ်အဖွဲ့ကို ရေးဘီလူးအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပြည်သူ့စစ်ခေါင်းဆောင်အပါအဝင် သုံးဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့သည်။
အဆိုပါပြည်သူ့စစ်အဖွဲ့ကို ရေးဘီလူးအဖွဲ့က မကြာခဏ ဝင်ရောက် တိုက်ခိုက်လေ့ရှိသလို့ ရေးမြို့နယ်အတွင်း လှုပ်ရှား နေသည့် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့) NMSP-AD ကလည်း မကြာခဏ ဝင်ရောက်တိုက်ခိုက် လေ့ရှိသည်။
အာယုတောင်ကျေးရွာပြည်သူ့စစ်အဖွဲ့ကို အရှေ့တောင်တိုင်းစစ်ဌာနချုပ်က လက်နက် တပ်ဆင်ထားသည့်အဖွဲ့ဖြစ်ပြီး အာယုတောင်ကျေးရွာနှင့် အနီးနားတစ်ဝိုက်တွင် လှုပ်ရှားကြောင်း ဒေသခံများက ပြောသည်။
အဆိုပါပြည်သူ့စစ်အဖွဲ့တွင် အင်အား ၅၀ ခန့်ရှိကာ ဂိတ်ဖွင့်ပြီး ငွေကြေးကောက်ခံခြင်း၊ အကြောင်းအမျိုးအမျိုးပြပြီး ကျေးရွာအတွင်း ငွေကြေးကောက်ခံခြင်းအပြင် စစ်အာဏာရှင်တပ်၏ စစ်မှုထမ်းကိစ္စ၊ ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့သည့် ကိစ္စတို့တွင် ပြည်သူလူထုကို ဖိအားပေးလုပ်ဆောင်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။







